“ကပ္ဗတိန်၊ ရာသီဥတု ထောက်လှမ်းရေး ရေဒါက အများကြီး အသုံးဝင်တယ်နော်”
၁
၁၉၉၇ ဩဂုတ်လ ၅ ရက်နေ့ မနက်ခင်း ၆နာရီခန့်တွင် ကိုရီးယားလေကြောင်း အမှတ် ၈၀၁ မှ လေယာဉ်မှူးသည် အိပ်ယာမှ နိုးထလာခဲ့သည်။ ထို့နောက် အားကစားရုံသို့သွား၍ တစ်နာရီခန့် ကစားပြီး အိမ်ပြန်လာကာ ညနေဘက်တွင် ဂူအမ်ကျွန်းသို့ ပျံသန်းရမည့် ခရီးစဉ်အတွက် လေကြောင်းအစီအစဉ်များကို လေ့လာခဲ့သည်ဟု နောက်ပိုင်းတွင် သူ့မိသားစုက စုံစမ်းစစ်ဆေးသူများကို ပြောပြခဲ့သည်။ ထို့နောက် တရေးပြန်အိပ်ပြီးနောက် နေ့လည်စာစားသုံးခဲ့သည်။ ညနေ သုံးနာရီတွင် ဆိုးလ် မြို့သို့ ထွက်ခွာခဲ့သည်။ ဂင်ပို အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် သူ့ခရီးစဉ်အတွက် လိုအပ်သည်များ ဆက်လက်ပြင်ဆင်ရန် အချိန်ကောင်းစွာ လုံလောက်သည်ဟု သူ့ဇနီးက ဆိုပါသည်။ သူက ကိုရီးယား လေတပ်မှ လာခဲ့သူဖြစ်ပြီး ကိုရီးယား လေကြောင်းလိုင်းတွင် လေယာဉ်မှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်မှာ လေးနှစ်နီးပါး ရှိပြီဖြစ်သည်။ လေယာဉ်မောင်းချိန် နာရီပေါင်း ၈၉၀၀ ရှိပြီး နာရီပေါင်း ၃၂၀၀ မှာ ဂျမ်ဘိုဂျက် လေယာဉ်အမျိုးအစားကို မောင်းနှင်ခဲ့ခြင်း ဖြစ်သည်။ လွန်ခဲ့သည့် လအနည်းငယ်ခန့်က အမြင့်ပေ ခပ်နိမ့်နိမ့်တွင် စက်ချို့ယွင်းသွားသော ဂျမ်ဘိုဂျက် တစ်စီးကို ဘေးကင်းစွား ထိန်းကျောင်းမောင်းနှင်နိုင်ခဲ့သည့်အတွက် ကိုရီးယး လေကြောင်းမှ လေကြောင်းအန္တရယ်ကင်းရှင်းရေး ဆုကို ချီးမြှင့်ခြင်း ခံခဲ့ရသူလည်း ဖြစ်သည်။ အသက် လေးဆယ့်နှစ်နှစ် ရှိပြီး လွန်ခဲ့သည် ဆယ်ရက်ခန့်က ချောင်းဆိုးရင်ကြပ် ဖြစ်သည်မှအပ ကျန်းမာရေး အလွန် ကောင်းမွန်သူဖြစ်သည်။
ညနေ ၇နာရီခန့်တွင် လေယာဉ်မှူးသည် သူ့လက်ထောက် လေယာဉ်မှူးနှင့် အင်ဂျင်နီယာတို့နှင့် တွေ့ဆုံပြီး ခရီးစဉ်အတွက် လိုအပ်သည့် စာရွက်စာတမ်းများ ပြင်ဆင်သည်။ သူတို့သည် လေကြောင်းလောကတွင် အကောင်းဆုံးဟု စံပြုထားသော ဘိုးရင်း ၇၄၇ လေယာဉ်ကို မောင်းနှင့်ပျံသန်းကြမည် ဖြစ်သည်။ လေယာဉ်သည် ကောင်းမွန်စွာ ပျံသန်းနိုင်သည် အခြေအနေတွင် ရှိပြီး ယခင်က ကိုရီးယား သမ္မတ စီးခဲ့သော အထူး လေယာဉ်လည်း ဖြစ်သည်။ လေကြောင်းခရီးစဉ်အမှန် ၈၀၁ သည် ည ၁၀း၃၀နာရီတွင် ဂိတ်မှ ထွက်ခွာခဲ့ပြီး မိနစ်၂၀ခန့် အကြာတွင် လေထုထဲတွင် ပျံသန်းနေပြီ ဖြစ်သည်။ ကွင်းမှ အတက်တွင် မည်သည့် ထူးခြားမှုမှ မတွေ့ခဲ့ရ။ မနက်တစ်နာရီခွဲခန့်တွင် တိမ်တိုက်တစ်ခုထဲမှ ထွက်လာပြီးနောက် ခပ်ဝေးဝေးမှ မီးရောင်အချို့ကို ဖြတ်ခနဲ မြင်လိုက်ရသည်။
“အဲဒါ ဂူအမ်လား” ဟု အင်ဂျင်နီယာက မေးလိုက်သည်။ ထို့နောက် ခဏတုံ့ဆိုင်းပြီး သူ့ဘာသာသူ ဆက်ပြောလိုက်သည်။ “ဟုတ်တယ် ဒါ ဂူအမ်ပဲ”
ကပ္ဗတိန်က “ကောင်းတာပေါ့” ဟု ကျေနပ်စွာ ပြန်ပြောလိုက်သည်။
လက်ထောက် လေယာဉ်မှူးက လေကြောင်းထိန်းချုပ်ရေး (Air Traffic Controller-ATC) သို့ ဆက်သွယ် သတင်းပို့လိုက်သည်။ “ချာလီဘရာဗို (မိုးတိမ်တောင်များ) ကင်းစင်ပြီ” ( CB - Cumulonimbus Clouds ) “ပြေးလမ်း အမှတ်ခြောက် ဘယ်ဘက်ခြမ်းအတွက် ရေဒါအညွှန်းပေးပါ” ဟု တောင်းဆိုလိုက်သည်။ လေယဉ်သည် ဆင်းသက်ရန် စတင် ပြင်ဆင်နေပြီ ဖြစ်သည်။ ကပ္ဗတိန်က မျက်စေ့အမြင်သက်သက်ဖြင့် ကွင်းကို ချဉ်းကပ်မည်ဟုဆိုသည်။ သူက ဂင်ပိုမှ ဂူအမ်ကို ရှစ်ကြိမ်တိုင်တိုင် ပျံသန်းဖူးပြီး ပြီးခဲ့သည့် လကမှ နောက်ဆုံးအကြိမ် ပျံသန်းခဲ့သူဖြစ်သည်။ ဂူအမ်လေယာဉ်ကွင်းနှင့် ပတ်ဝန်းကျင် မြေပြင်အနေအထားများကို ကောင်းစွားသိနေပြီး ဖြစ်သည်။ လေယာဉ်ဘီး ချလိုက်သည်။ တောင်ပံရှိ အရှိန်ထိမ်း အပြားများ ဆယ်ဒီဂရီစာ ထုတ်လိုက်သည်။ ၁ နာရီ ၄၁ မိနစ် ၄၈ စက္ကန့်တွင် ကပ္ဗတိန်က “ဝိုက်ပါ ဖွင့်လိုက်” ဟု အမိန့်ပေးလိုက်၍ အင်ဂျင်နီယာက ဖွင့်ပေးလိုက်သည်။ အပြင်မှာ မိုးရွာနေပြီ။ “မြင်ကွင်း လွဲနေပြီလား” ဟု လက်ထောက် လေယာဉ်မှူးက မေးလိုက်သည်။ သူပြေးလမ်းကို ရှာကြည့်သည်။ မတွေ့။ တစ်စက္ကန့် အကြာတွင် လေယာဉ်ရှိ မြေပြင်အကွာအဝေး သတိပေးစက်မှ သတိပေးသံ မြည်လာသည်။ “အမြင့်ပေ ငါးရာ”။ လေယာဉ်သည် မြေပြင်မှ ပေးငါးရာ အမြင့်တွင်သာ ရှိသည်။ ဘာလို့ သူတို့ ပြေးလမ်းကို မမြင်ရတာလဲ။ နှစ်စက္ကန့် ကြာသွားသည်။ လက်ထောက်လေယာဉ်မှူးက အံ့ဩောထိတ်လန့်သည့် အသံဖြင့် ဟာ ခနဲ့ ငြီးတွားလိုက်သည်။ ၁ နာရီ ၄၂ မိနစ် ၁၉ စက္ကန့်တွင် ကပ္ဗိတိန်က “နောက်တစ်ကြိမ် ပြန်ချဉ်းကပ်” ဟု အမိန့်ပေးလိုက်သည်။ ဆိုလိုသည်မှာ အမြင့်သို့ ပျံတက်ပြီး တစ်ပတ်ပတ်ကာ နောက်တစ်ကြိမ် ကွင်းသို့ပျံဆင်းရန် ကြိုးစားခိုင်းခြင်းပင် ဖြစ်သည်။
တစ်က္ကန့် အကြာတွင် အင်ဂျင်နီယာက “မြင်ကွင်း ပျောက်နေတယ်” ဟု အော်လိုက်သည်။ လက်ထောက်လေယာဉ်မှူးကလည်း “မြင်ကွင်း ပျောက်နေတယ်၊ နောက်တစ်ကြိမ် ပြန်ဆင်းရမလား”ဟု ထပ်ဖြည့်လိုက်သည်။
၁နာရီ ၄၂မိနစ် ၂၂ စက္ကန့် - အင်ဂျင်နီယာ ထပ်ပြောသည်။ “ပြန်ပတ်”
၁နာရီ ၄၂မိနစ် ၂၃ စက္ကန့် - ကပ္ဗတိန်ကလည်း လိုက်ပြောလိုက်သည်။ “ပြန်ပတ်”
သိုသော် လေယာဉ်ကို ဆင်းသက်နေရာမှ ပြန်လည်ဆွဲတင်ပျံသန်းဖို့ နောက်ကျသွားလေပြီ။
၁နာရီ ၄၂မိနစ် ၂၆စက္ကန့်တွင် လေယာဉ်သည် လေယာဉ်ကွင်း၏ အနောက်တောင်ဘက် သုံးမိုင်ခန့် အကွာတွင် ရှိသော နီမစ်ဇ် တောင်တန်း၏ ဘေးဘက်သို့ ဝင်တိုက်မိသွားလေသည်။ ဒေါ်လာ သန်းခြောက်ဆယ်တန် ၂၁၂၀၀၀ ကီလိုဂရမ်လေးသော စတီးကိုယ်ထည်ကြီးသည် ကျောက်သားအတိပြီးသော တောင်နံရံသို့ တစ်နာရီ မိုင်တစ်ရာ အရှိန်နှုန်းဖြင့် ဝင်ဆောင့်မိသွားလေသည်။ ပေနှစ်ရာခန့် ဒရွတ်တိုက်လျှောထွက်သွားပြီး ဂတ်စ် ပိုက်လိုင်းတစ်ခုနှင့် ထင်းရူးပင်အချို့ကို တိုက်ဖြတ်သွားပြီးနောက် လျှိုတစ်ခုထဲသို့ ထိုးကျပြီး မီးလောင်ပေါက်ကွဲသွားလေသည်။ ကယ်ဆေးရေး အဖွဲ့များ ရောက်ရှိလာသောအခါ လေယာဉ်တွင် လိုက်ပါလာသူ ၂၅၄ ယောက်အနက် ၂၂၈ယောက်သည် သေဆုံးပြီး ဖြစ်လေသည်။ ။
၂
လေကြောင်းခရီးစဉ်အမှတ် ၈၀၁ မတော်တဆမှု မတိုင်ခင် နှစ်၂၀ခန့်က ကိုရီးယားလေကြောင်းပိုင် ဘိုးရင်း၇၀၇ လေယာဉ်တစ်စီးသည် ရုရှားလေပိုင်နက်ထဲသို လမ်းမှားဝင်ရောက်သွားပြီး ဘားရန့်ပင်လယ်ပေါ်တွင် ဆိုဗီယက် တိုက်လေယာဉ်၏ ပစ်ချခြင်းခံခဲ့ရလေသည်။ ဤသည်မှာ ဖြစ်တောင့်ဖြစ်ခဲ မတော်တဆ ဖြစ်စဉ်တစ်ခုသာဖြစ်ပြီး ဘုရားသခင် အလိုတော်အရ မည်သည့် လေကြောင်းလိုင်းတွင်မဆို ဖြစ်ပွားနိုင်သော ရှောင်တခင် ကျရောက်တတ်သော ဖြစ်စဉ်တစ်ခုသာ ဖြစ်သည်။ ထိုဖြစ်ရပ်အပေါ် စုံစမ်းစစ်ဆေးပြီး ပိုင်းခြားစိတ်ဖြာ စိစစ်လေ့လာခဲ့ကြသည်။ သင်္ခန်းစာများ ထုတ်ယူခဲ့ကြသည်။ အစီရင်ခံစားများ ထုတ်ပြန်ခဲ့ကြသည်။
နောက်နှစ်နှစ်အကြာတွင် ကိုရီးယားလေကြောင်းပိုင် ဘိုးရင်း၇၄၇ တစ်စီးသည် ဆိုးမြို့ပေါ်တွင် ပျက်ကျခဲ့သည်။ နှစ်နှစ်အတွင်း မတော်တဆမှု နှစ်ကြိမ် ဖြစ်ပွားသည် ဆိုသည်မှာ ကောင်းသော လက္ခဏာ မဟုတ်ပေ။ ထိုမှ နောက်သုံးနှစ်အကြာတွင် နောက်ထပ် ဘိုးရင်း၇၄၇ တစ်စီးသည် ရုရှားနိုင်ငံ စခါလင်ကျွန်း အနီးတွင် ပျက်ကျခဲ့ပြန်သည်။ ထို့နောက် ၁၉၈၇ ခုနှစ်တွင် ၇၀၇ တစ်စီးသည် ကပ္ဗလီပင်လယ်ထဲသို့ လည်းကောင်း၊ ၁၉၈၉ တွင် နောက်ထပ်နှစ်စီးသည် ထရီပိုလီနှင့် ဆိုးလ် မြို့များပေါ်သို့ လည်းကောင်း၊ ၁၉၉၄ ခုနှစ်တွင် နောက်ထပ်တစ်စီးသည် ကိုရီးယားနိုင်ငံ ဂျေးဂျူးကျွန်းပေါ်သို့လည်းကောင်း အသီးသီး ပျက်ကျခဲ့လေသည်။
ထိုမှတ်တမ်းများကို ခြုံကြည့်လျှင် အမေရိကန်ပိုင် ယူနိုက်တက် လေကြောင်းကဲ့သို့သော လေကြောင်းလိုင်များတွင် ၁၉၈၈ မှ ၁၉၉၈ထိ ဆယ်နှစ်တာ ကလအတွင်း ပျက်စီးဆုံးရှုံးမှုနှုံးမှာ ထွက်ခွာမှု တစ်သန်းတွင် ၀.၂၇ ကြိမ်သာ ရှိသည်။ ဆိုလိုသည်မှာ ထိုလေကြောင်းလိုင်းပိုင် လေယာဉ်များ၏ စုစုပေါင်း လေယာဉ်ထွက်ခွာပျံသန်းမှု ၄ သန်း တွင် တစ်စီး သာ ပျက်ကျပျက်စီးမှု ရှိလေသည်။ ကိုရီးယား လေကြောင်းအတွက်မူ ပျက်စီးမှုနှုံးမှာ ထွက်ခွာမှု တစ်သန်းလျှင် ၄.၇၉ ကြိမ်ရှိပြီး ယူနိုက်တက်လေကြောင်းထက် ၁၇ဆကျော် မြင့်မားနေပေသည်။
ဂူအမ်ကျွန်း လေယာဉ်ပျက်ကျမှုအပေါ် စုံစမ်းစစ်ဆေးပြီး အစီရင်ခံစာတင်ခဲ့သော NTSB က သူတို့စတင် စုံစမ်းစစ်ဆေးချိန်နောက်ပိုင်း ဖြစ်ပွားခဲ့သော ကိုရီးယားလေကြောင်း၏ လေယာဉ်ပျက်ကျမှု အသစ်များကို ထည့်သွင်းဖော်ပြပြီးနောက် ကိုရီးယားလေကြောင်းသည် မကြာခဏ ပျက်ကျတတ်သော လေကြောင်းလိုင်းတစ်ခု ဖြစ်လာခဲ့ပေသည်။ (NTSB - National Transportation Safety Board -လေယာဉ်ပျက်ကျမှုများအပေါ် အမေရိကန် တရားစီရင်ရေး လုပ်ပိုင်ခွင့်အရ စုံစမ်းစစ်ဆေးရန် တာဝန်ရှိသော အမျိုးသားလမ်းပန်းဆက်သွယ်ရေးလုံခြုံမှုဘုတ်အဖွဲ့)
ဂူအမ်ကျွန်း လေယာဉ်ပျက်ကျမှု အပြီး တစ်နှစ်ပြည့်ရန် တစ်ရက်အလို ၁၉၉၈ ဩဂုတ်လ ၅ ရက်နေ့တွင် ဘိုးရင်း၇၄၇ တစ်စီးသည် ဆိုးလ်မြို့ ဂင်ဘိုလေဆိပ်တွင် ပျက်ကျခဲ့သည်။
ထို့နောက် ရှစ်ပတ်အကြာတွင် နောက်ထပ် လေယာဉ်တစ်စီး ကိုရီးယားနိုင်ငံ အူစန်လေဆိပ်တွင် ပြေးလမ်းချော်သွားခဲ့သည်။
နောက်နှစ် ၁၉၉၉ မတ်လတွင် မက်ဒေါ်နယ်ဒေါက်ဂလပ် ၈၃ တစ်စီးသည် ကိုရီးယားနိုင်ငံ ပိုဟန်လေယာဉ်ကွင်းတွင် ပြေးလမ်းကျော်လွန်ပြီး လေယာဉ်ကွင်းဘေးရှိ ရေကာတာကို ဝင်တိုက်ခဲ့သည်။
နောက်တစ်လအကြာ ၁၉၉၉ အေပရယ်တွင် မက်ဒေါ်နယ်ဒေါက်ဂလပ် ၁၁ တစ်စီးသည် ရှန်ဟိုင်းမြို့ပေါ်ရှိ လူနေရပ်ကွက်အတွင်းသို့ ပျက်ကျခဲ့သည်။
ဒီမျှနှင့် မရပ်သေး။ NTSB က နောက်ထပ် လအနည်းငယ်ခန့် ထပ်စောင့်ကြည့်လိုက်သောအခါ ၁၉၉၉ ဒီဇင်ဘာတွင် ကိုရီးယား လေကြောင်းပိုင် ကုန်တင်လေယာဉ်တစ်စီးသည် လန်ဒန်မြို့ စတန်စတဒ် လေယာဉ်ကွင်းမှ အထွက်တွင် ပျက်ကျခဲ့သည်။ ပျက်မကျခင် လေယဉ်မှူး အခန်းထဲတွင် သတိပေးခေါင်းလောင်းသံ ၁၄ကြိမ်ထက်မနည်း မြည်ခဲ့သည်ဟု စစ်ဆေးတွေ့ရှိခဲ့သည်။
၁၉၉၉ အေပရယ်တွင် ဒယ်လ်တာ အဲလိုင်းနှင့် အဲဖရန့် လေကြောင်းလိုင်းတို့သည် ကိုရီးယားလေကြောင်းလိုင်နှင့် အကျိုးတူပူးပေါင်းပျံသန်းသည့် အစီအစဉ်များကို ရပ်ဆိုင်းလိုက်သည်။ မကြာမီပင် အမေရိကန် စစ်တပ်က တောင်ကိုရီးယားနိုင်ငံတွင် တပ်စွဲထားသော သူတို့၏တပ်များမှ တပ်သားများအား ကိုရီးယားလေကြောင်းဖြင့် ခရီးသွားခြင်းကို တားမြစ်လိုက်သည်။ အမေရိကန် ပြည်ထောင်စု လေကြောင်း အာဏာပိုင်အဖွဲ့က တောင်ကိုရီးယား၏ ဘေးအန္တရယ်ကင်းရှင်းမှု သတ်မှတ်ချက်ကို လျှော့ချလိုက်သည်။ ကနေဒါ အစိုးရကလည်း ကိုရီးယားလေကြောင်းကို သူတို့လေပိုင်နက်အတွင်း ပျံသန်းခြင်းနှင့် ဆင်းသက်ရပ်နားခြင်းတို့ကို ပိတ်ပင်ရန် စဉ်းစားနေကြောင်း ကုမ္ဗဏီအုပ်ချုပ်ရေးအဖွဲ့သို့ အကြောင်းကြားခဲ့သည်။
ယင်းကဲ့သို့ အငြင်းပွားဖွယ်ရာများ အလယ်တွင် ပြင်ပစစ်ဆေးရေးအဖွဲ့တစ်ခုမှ ကိုရီးယားလေကြောင်းနှင့် ပါတ်သတ်သည့် အစီရင်ခံစာတစ်စောင်သည် အပြင်သို့ ပေါက်ကြားလာခဲ့သည်။ စာမျက်နှာလေးဆယ်ရှိသော အဆိုပါအစီရင်ခံစာနှင့်ပတ်သတ်၍ ကိုရီးယားလေကြောင်းလိုင်းမှ တာဝန်ရှိသူများက တမင်သက်သက် ပုံကြီးချဲ့ထားသော အစီရင်ခံစာ ဖြစ်ပြီး သူတို့လေကြောင်းလိုင်းကို ကိုယ်စားမပြုကြောင်း အလျှင်အမြန်ရှုတ်ချလိုက်သော်လည်း ကုမ္ဗဏီ၏ ဂုဏ်သိက္ခာကို ပြန်လည်ဆယ်မရန် လွန်စွာနောက်ကျသွားပြီ ဖြစ်လေသည်။ အစီရင်ခံစာတွင် လေယာဉ်ဝန်ထမ်းများသည် လေယာဉ် ဆီဖြည့်နေစဉ်နှင့် ပျံသန်းနေစဉ်များတွင် စီးကရက် သောက်နေကြကြောင်း အသေးစိတ် ဖော်ပြထားသည်။လေယာဉ်မှူးများသည် ခရီးစဉ်တစ်လျှောက်လုံး သတင်းစာဖတ်နေကြသောကြောင့် သတိပေးအချက်ပြ မီးများနှင့် အသံများပေါ်လာသည့်အခါများတွင် သတိမပြုမိသည့် အဖြစ်များ မကြာခဏဖြစ်ခဲ့ကြောင်း အစီရင်ခံစာက ဖော်ပြထားသည်။ ဝန်ထမ်းများ၏ စိတ်ဓါတ်ပျက်ပြားမှု၊ သတ်မှတ်ထားသော လုပ်ထုံးလုပ်နည်းများကို အကြိမ်ကြိမ်ချိုးဖောက်မှုအပြင် ဘိုးရင်း၇၄၇နှင့် ပတ်သတ်သည့် ဘေးအန္တရယ်ကင်းရှင်းရေးဆိုင်ရာ သင်တန်းများမှာ လွန်စွာအဆင့်နိမ့်ကြောင်း ကောက်ချက်ချ သတိပေးထားသည်။ အကယ်၍ ဦးဆောင်လေယာဉ်မှူး (ကပ္ဗတိန်) လုံးဝမလှုပ်ရှားတော့သည့် အခြေအနေတွင် လက်ထောက် လေယာဉ်မှူးက လေယာဉ်ကို အန္တရယ်ကင်းစွာ မောင်းနှင်ဆင်းသက်နိုင်ပါ့မလားဆိုသည်မှာ စိုးရိမ်ဖွယ်ရာ ဖြစ်သည်။
ရှန်ဟိုင်းလေယာဉ်ပျက်ကျမှုအပြိး တောင်ကိုရီးယားသမ္မတ ကင်ဒေးဂျုံးသည် မလွှဲသာမရှောင်သာ စကားပြောရလေတော့သည်။ “ကိုရီးယားလေကြောင်းလိုင်းရဲ့ ပြသနာဟာ ကုမ္ဗဏီတစ်ခုတည်းနဲ့ ဆိုင်တာမဟုတ်ပါဘူး။ တစ်တိုင်းပြည်လုံးနဲ့ ဆိုင်တဲ့ ပြသနာပါ။ ကျွန်တော်တို့ တိုင်းပြည်ရဲ့ နာမည်သတင်းဟာ ခြိမ်းခြောက်ခံနေရပြီ” ဟု ပြောခဲ့သည်။ ကင်ဒေးဂျုံးက သူ၏ သမ္မတလေယာဉ်ကို ကိုရီးယားလေကြောင်းလိုင်းပိုင် လေယာဉ်မှ အေရှားနား လေကြောင်းပိုင် လေယာဉ်သို့ ပြောင်းလဲအသုံးပြုခဲ့သည်။
သို့သော် ထိုနောက်ပိုင်းတွင် အံ့ဩစရာ အဖြစ်အပျက်အချို့ ဖြစ်ပျက်ခဲ့သည်။ ကိုရီးယားလေကြောင်းလိုင်းသည် သူတို့ကိုယ်သူတို့ ပြုပြင်ပြောင်းလဲနိုင်ခဲ့သည်။ ယနေ့တွင် ထိုလေကြောင်းလိုင်းသည် ဂုဏ်သိက္ခာကြီးမားလှသော SkyTeam မဟာမိတ်အဖွဲ့တွင် အဖွဲ့ဝင်အဖြစ် သိက္ခာရှိရှိ ရပ်တည်နိုင်ခဲ့သည်။ ၁၉၉၉ နောက်ပိုင်းမှစ၍ သူ၏ ဘေးအန္တရယ် ကင်းရှင်းမှု မှတ်တမ်းမှာ ပြစ်ချက်တစ်ခုပင် မရှိခဲ့။ ထိုသို့ ပြုပြင်ပြောင်းလဲနိုင်မှုအတွက် ၂၀၀၆ ခုနှစ်တွင် Air Transport World မှ Phoenix Award ကို ချီးမြှင့်ခြင်း ခံခဲ့ရသည်။ လေယာဉ်ပျံသန်းမှုဆိုင်ရာ ကျွမ်းကျင်သူများက ယခုအခါတွင် ကိုရီးယားလေကြောင်းလိုင်းသည် ကမ္ဘာပေါ်ရှိ အခြားလေကြောင်းလိုင်းကြီးများနည်းတူ ဘေးအန္တရယ် ကင်းရှင်းကြောင်း ထောက်ခံပြောဆိုနေကြပေပြီ။
ဤအခန်းတွင် လေယာဉ်ပျက်ကျမှုများကို စုံစမ်းစစ်ဆေးသည့် အဆင့်များဖြစ်သည့် Black Box ကို နားထောင်ကြည့်ခြင်း၊ လေယာဉ်ပျံသန်းမှု မှတ်တမ်းများကို ကြည့်ရှုစစ်ဆေးခြင်း၊ ရာသီဥတု မြေပြင်အနေအထားနင့် လေဆိပ်အခြေအနေတို့ကို လေ့လာခြင်း၊ ဂူအမ်ကျွန်း လေယာဉ်ပျက်ကျပုံနှင့် အလားသဏ္ဍန်တူ အခြားလေယာဉ်ပျက်ကျမှုများကို နှိုင်းယှဉ်ကြည့်ခြင်း စသည်တို့ကို လေ့လာကြမည်။ ထိုအဆင့်ဆင့် လေ့လာမှုအားလုံးသည် အဆိုးဘက်တွင် သူမတူအောင် နာမည်ကျော်သည့် စုန်းပြူးတစ်ခု အဖြစ်မှ အကောင်းဆုံး လေကြောင်းလိုင်းအဖြစ်သို့ မည်သို့မည်ပုံ ပြုပြင်ပြောင်းလဲလိုက်သည်ကို အသေးစိပ် နားလည်သဘောပေါက်စေမည် ဖြစ်သည်။ ကိုရီးယားလေကြောင်းလိုင်းသည် သူတို့၏ ယဉ်ကျေးမှု အမွေအနှစ်များ၏ အရေးပါပုံကို သတိမထားမိခင်အထိ မအောင်မြင်ခဲ့၊ လမ်းမှန်ပေါ် မရောက်ခဲ့ပေ။
၃
ကျွနုပ်တို့ ရုပ်ရှင်ထဲတွင် တွေ့ရလေ့ရှိသော လေယာဉ်ပျက်ကျပုံများသည် အပြင်တွင် ကြုံရခဲလှသည်။ လေယာဉ်အင်ဂျင်ကြီးများ မီးလောင်ပေါက်ကွဲ မသွားတတ်ပါ။ ပျံတက်လိုက်သည့် အရှိန်ကြောင့် တောင်ပံများ ရုတ္တရက်ပြုတ်ထွက် မသွားတတ်ပါ။ လေယာဉ်မှူးသည် ထိုင်ခုံတွင် ခြေပြစ်လက်ပြစ်ထိုင်ပြီး ဘုရားတ နေရသည် အဖြစ်မျိုး မရှိပါ။ ယနေ့ခေတ်တွင် ပုံမှန် စီးပွားရေး လုပ်ငန်းသုံး လေယာဉ်များသည် ပေါင်မုန့်မီးကင်စက်တစ်လုံးကဲ့သို့ပင် ယုံကြည်စိတ်ချနိုင်ပါသည်။ များသောအားဖြင့် လေယာဉ်ပျက်ကျမှုများမှာ မပြောပလောက်သော အခက်အခဲ များနှင့် အရေးမပါလှသော စက်ချို့ယွင်းမှုများ စုပေါင်းမိသွားသောကြောင့်သာ ဖြစ်ပါသည်။ (ထိုအယူအဆမှာ လေယာဉ်ပျက်ကျမှုများအတွက်သာ မှန်ကန်သည်မဟုတ်ပဲ အားလုံးသော လုပ်ငန်းခွင် ထိခိုက်မှုတို့အတွက် မှန်ကန်သော အယူအဆပင် ဖြစ်ပါသည်။)
ဥပမာအားဖြင့် သာမန်လေယာဉ်ပျက်ကျမှု တစ်ခုတွင် ရာသီဥတု ဆိုးရွားနေမည်။ အလွန့်အလွန် ဆိုးရွားနေရန် မလိုအပ်သော်လည်း လေယာဉ်မှူးအတွက် အနည်းငယ် စိတ်ဖိစီးမှု ခံစားရသည်အထိ ဆိုးရွားနေမည်။ ပျက်ကျမှု အမြောက်အများတွင် လေယာဉ်သည် အချိန်နောက်ကျနေသဖြင့် လေယာဉ်မှူးများသည် အလျှင်စလို ပြာယာခပ်နေခဲ့ကြသည်။ ပျက်ကျမှုများ၏ ၅၂%တွင် လေယာဉ်မှူးများသည် ၁၂ နာရီကျော်ကြာအောင် နိုးထနေခဲ့ကြသည့်အတွက် ပင်ပန်းပြီး ဖြတ်လတ်စွာ တွေးခေါ်ဆုံးဖြတ်နိုင်စွမ်း အားနည်းနေခဲ့ကြသည်။ ၄၄%တွင် လေယာဉ်မှူးနှင့် လက်ထောက်လေယာဉ်မှူးတို့သည် တစ်ခါမျှ အတူတကွ မပျံသန်းဖူးသည့်အတွက် တစ်ဦးနှင့်တစ်ဦး ဆက်ဆံရ အဆင်မပြေ ဖြစ်နေတတ်သည်။ ထိုအချိန်တွင် အမှားအယွင်းများ စတင်ဖြစ်ပေါ်တတ်ပြီး ထိုအမှားသည် တစ်ခုတည်းနှင့် မရပ်ပေ။ ရေဘုယျအားဖြင့် ပျက်ကျမှုများတွင် လူကြောင့်ဖြစ်သော အမှားအယွင်း ၇ခုခန့် ဆက်တိုက် ဖြစ်လေ့ရှိသည်။ လေယာဉ်မှူး တစ်ယောက်က အမှားအယွင်းတစ်ခု လုပ်မိခြင်းသည် ထိုအမှာ တစ်ခုတည်းဆိုလျှင် ပြသနာ မဟုတ်ပေ။ တွဲဖက် လေယာဉ်မှူး တစ်ယောက်ကလည်း ထိုအမှားအပေါ် နောက်ထပ်အမှားတစ်ခု ထပ်ဆင့်ပြုမူမိသည်ဆိုပါစို့။ ပထအမှားနှင့် ဒုတိယအမှားတို့ ပေါင်းမိသည့်တိုင် ဘေးအန္တရယ် ကျရောက်နိုင်သည်အထိ မဆိုးရွားသေးပေ။ သို့သော် ထိုအမှားများအပေါ် တတိယအမှားထပ်ပေါင်းမိတတ်သည်။ သို့နှင့် နောက်ထပ် အမှားများ တစ်ခုပြီးတစ်ခု ဆင့်ကဲ ပြုလုပ်မိပြီး အားလုံးပေါင်းလိုက်သောအခါ လေယာဉ်ပျက်ကျသည့် အဖြစ်ဆိုးကြီးနှင့် ကြုံရပေတော့သည်။
ထို့အပြင် အမှား ၇ခု ဆိုသည်မှာ အတွေ့အကြုံနှင့် ကျွမ်းကျင်မှုတို့နှင့် ပတ်သတ်ခဲသည်။ လေယာဉ်မှူးသည် စက်အစိပ်အပိုင်း တစ်ခုခုကို ပြင်ဆင်ရန် အရေးကြုံလာပြီး အောင်မြင်စွာ မပြုပြင်နိုင်သောကြောင့်လည်း မဟုတ်။ အမြဲတမ်းအားဖြင့် လေယာဉ်ပျက်ကျစေလောက်သည့် အမှားအယွင်းများသည် ပူးပေါင်းဆောင်ရွက်မှုနှင့် ဆယ်သွယ်ပြောဆိုဆက်ဆံမှုတို့မှ မှားယွင်းမှုများသာ ဖြစ်လေသည်။ အကြောင်းအမျိုးမျိုးကြောင့် လေယာဉ်မှူးတစ်ဦးသည် အရေးကြီးသည့် အချက်များကို တွဲဘက်လေယာဉ်မှူးတစ်ဦးအား ပြောပြရန် ပျက်ကွက်ခဲ့တတ်သည်။ လေယာဉ်မှူးတစ်ဦး ပြုလုပ်မိသည့် အမှားကို တွဲဘက်လေယာဉ်မှုးက သတိမပြုမိတတ်။ ကျဉ်းထဲကြပ်ထဲမှ ပြန်လည်လွတ်မြောက်ရန် ရှုပ်ထွေးလှသော အဆင့်မြောက်များစွာကို တစ်ခုပြီးတစ်ခု ဖြေရှင်းရန် လိုအပ်လာသည့်အခါ လေယာဉ်မှုးနှစ်ဦးသည် တစ်ဦးနဲ့တစ်ဦး ပူးပေါင်းဆောင်ရွက်မှု အားနည်းသဖြင့် အဆင့်တစ်ခုခု မေ့ကျန်သွားတတ်သည်။
“လေယာဉ်ခေါင်းခန်း တစ်ခုလုံးကို လူနှစ်ယောက်က ထိန်းချုပ်မောင်းနှင်ဖို့အတွက် တည်ဆောက်ထားတာဖြစ်ပြီး တစ်ယောက်ကိုတစ်ယောက် အပြန်အလှန် စစ်ပေးရင်ဖြစ်စေ နှစ်ယောက်လုံး အတူတကွ တာဝန်ယူနေရင်ဖြစ်စေ အကောင်းဆုံး မောင်းနှင်ပျံသန်းနိုင်မှာ ဖြစ်တယ်” ဟု ဘိုးရင်းတွင် အန္တရယ်ကင်းရေး အင်ဂျင်နီယာချုပ်အဖြစ် နှစ်ပေါင်းများစွာ တာဝန်ယူခဲ့သူ အားလ်ဝီးနာက ဆိုသည်။ “ကိုယ်လုပ်ရမယ့်အလုပ်ကို မှန်မှန်ကန်ကန်မလုပ်ရင် လေယာဉ်တွေက ခွင့်လွှတ်မှာ မဟုတ်ဘူး။ လေယာဉ်မှူး တစ်ယောက်ကသာ မောင်းနှင်ပြီး နောက်တစ်ယောက်က ပထမလေယာဉ်မှူး မမောင်းနိုင်တဲ့အခါမှ ဝင်ရောက်မောင်းနှင်ဖို့ ထိုင်ခုံမှာ သက်သက်ထိုင်စောင့်နေတာထက်စာရင် လေယာဉ်မှူး နှစ်ယောက်လုံး အတူတကွ အပေးအယူမျှမျှ မောင်းနှင်တာက ပိုပြီး ဘေးကင်းတယ်ဆိုတာ ဟိုးရှေးရှေးကတည်းက သိနေတဲ့ ကိစ္စပဲ”
ဥပမာအားဖြင့် ထင်ရှားသည့် ပျက်ကျမှု တစ်ခုဖြစ်သည့် ၁၉၉၀ ဇန္နဝါရီလတွင်း ပျက်ကျခဲ့သော ကိုလမ်ဘီယာ လေကြောင်းလိုင်း Avianca ၏ ခရီးစဉ်အမှတ် ၅၂ ကို လေ့လာကြည့်ပါ။ Avianca မတော်တဆမှုသည် ခေတ်သစ်လေယာဉ် ပျက်ကျမှုများ၏ လက္ခဏာရပ်များကို မြင်သာအောင် ပြည့်ပြည့်စုံစုံ ထင်ဟပ်စေသဖြင့် လေကြောင်းဆိုင်ရာ သင်တန်းများတွင် ထည့်သွင်းသင်ကြားနေကြရသည်။ ထို့အပြင် ခရီးစဉ် ၅၂၏ အဖြစ်အပျက်များသည် နောက် ၇နှစ်အကြာတွင် ဖြစ်ပွားသော ဂူအမ်ကျွန်း လေယာဉ်ပျက်ကျမှုနှင့် အလွန်တူသဖြင့် ကိုရီးယားလေကြောင်းမှ လေယာဉ်ပျက်ကျမှုများ၏ လျှို့ဝှက်ချက်ကို ရှာဖွေဖော်ထုတ်ရန် များစွာ အထောက်အကူ ရမည်ဖြစ်လေသည်။
ထိုလေယာဉ်၏ လေယာဉ်မှူးမှာ လော်ရယ်နို ကေးဗိဒ်စ် ဖြစ်သည်။ လက်ထောက်လေယာဉ်မှူးက မော်ရစ်ရှို ကလော့။ သူတို့သည် ကိုလမ်ဘီယာနိုင်ငံ မက်ဒယ်လင် မြို့မှ နယူးယောက် ကနေဒီလေဆိပ်သို့ ပျံသန်းလာခြင်း ဖြစ်သည်။ ညနေခင်း၏ ရာသီဥတုမှာ ဆိုးရွားလျှက်ရှိသည်။ အရှေ့ဘက် ကမ်းခြေတစ်လျှောက် နော်အိစတာခေါ် မုန်တိုင်းငယ်တစ်ခု တိုက်ခတ်နေသောကြောင့် မြူခိုးများ ထူထပ်ပြီး လေပြင်းများ တိုက်လျှက်ရှိသည်။ နူးဝါ့ခ် လေဆိပ်တွင် လေယာဉ်ပေါင်း ၂၀၃စီး ခရီးစဉ် ရွှေ့ဆိုင်းခဲ့ရသည်။ လာဂွားဒီးယား လေဆိပ်တွင် လေယာဉ်အစီးနှစ်ရာ၊ ဖီလာဒဲဖီးယားတွင် ၁၆၁စီး၊ ဘော်စတွန်မြို့ လိုဂန်လေဆိပ်တွင် ၅၃စီး၊ ကနေဒီလေဆိပ်တွင် ၉၉ စီး ခရီးစဉ်နောက်ကျခဲ့သည်။ ရာသီဥတု ဆိုးရွားမှုကြောင့် Avianca ခရီးစဉ် ၅၂ သည် နယူးယောက်သို့ ပျံသန်းနေစဉ် လေကြောင်းထိမ်းချုပ်ရေးမှ သုံးကြိမ်တိုင်တိုင် တားဆိးခြင်းခံခဲ့ရသည်။ ဗာဂျီးနီးယားပြည်နယ် နော်ဖော့ခ် မြို့ပေါ်တွင် ၁၉ မိနစ်၊ အက်တလန်းတစ် စီးတီးပေါ်တွင် ၂၉ မိနစ် နှင့် ကနေဒီလေဆိပ်နှင့် မိုင်လေးဆယ်အကွာတွင် နောက်ထပ် ၂၉ မိနစ်စီ ဝဲပတ် ပျံသန်းနေခဲ့ရသည်။ ၁နာရီနှင့် ၁၅မိနစ်ခန့် နောက်ကျပြီးနောက် ကနေဒီလေဆိပ်တွင် ဆင်းသက်ခွင့် ရခဲ့သည်။ ဆင်းသက်ရန် ကွင်းကို ချဉ်းကပ်လာသည့်အခါတွင် ရုတ္တရက် လေကြောင်းပြောင်းလွဲမှုကို ပြင်းပြင်းထန်ထန် ရင်ဆိုင်ခဲ့ရသည်။ လေဆန်ကို ကျော်ဖြတ်နေရသည့်အတွက် လေယာဉ်နိမ့်ဆင်းနေစဉ်အတွင်း အရှိန်ထိန်းနိုင်ရန် စက်အားကို ပိုသုံးခဲ့ရသည်။ ခဏကြာသော် လေဆန်တိုက်နှုန်းသည် ရုတ္တရက်ကျဆင်းသွားသဖြင့် မြေပြင်သို့ ဆင်းရန် အရှိန်များလွန်းသွားလေသည်။ ပုံမှန်အားဖြင့် ဤအခြေအနေမျိုးတွင် အော်တိုပိုင်းလော့ဖြင့် မောင်းနှင်လေ့ရှိပြီး သို့မှသာ ရုတ္တရက် လေကြောင်းပြောင်းခြင်း လေတိုက်နှုန်းပြောင်းခြင်းတို့ကို လျှင်မြန် မှန်ကန်စွာ တုံ့ပြန်နိုင်မည်ဖြစ်သည်။ သို့သော် အော်တိုပိုင်းလော့ ချို့ယွင်းနေသဖြင့် ပိတ်ထားခဲ့ရသည်။ နောက်ဆုံးတွင် လေယာဉ်မှူးက လေယာဉ်ကို ပြန်လည်ဆွဲတင်နိုင်ခဲ့ပြီး နောက်တစ်ကြိမ် ပတ်ပြီး ပြန်ဆင်းရန် ကြိုးစားခဲ့သည်။ ကျွန်းတစ်လျှောက် အဝိုင်းပတ်အကျယ်ကြီး ပတ်ကာ ပျံသန်းပြီးနောက် ကနေဒီလေဆိပ်သို့ ပြန်လည်ချဉ်းကပ်စဉ်တွင် အင်ဂျင်တစ်လုံး ရပ်ဆိုင်းသွားလေသည်။ နောက်တစ်စက္ကန့် ကြာသော် နောက်အင်ဂျင်တစ်လုံး ရပ်ဆိုင်းသွားပြန်သည်။ “ ပြေးလမ်း ဘယ်မှာလဲ” ဟု လေယာဉ်မှူးက အော်မေးလိုက်သည်။ စက်ချို့ယွင်းနေသည့် လေယာဉ်ကို တဖြည်းဖြည်းနိမ့်ဆင်းပြီး အန္တရယ်ကင်းစွာ ဆင်းသက်နိုင်ရန်အတွက် ကနေဒီလေဆိပ်၏ အနီးတွင် ရောက်နေပြီဟု သွေးရူးသွေးတမ်း မျှော်လင့်နေသည်။ သို့သော် လေယာဉ်သည် ကနေဒီလေဆိပ်နှင့် ၁၆ မိုင်အကွာတွင် ရောက်ရှိနေခြင်း ဖြစ်လေသည်။
ဘိုးရင်း၇၀၇ လေယာဉ်ကြီးသည် Oyster Bay မြို့ပေါ်ရှိ တင်းနစ်ချံပီယံ ဂျွန် မက်အန်ရိုး၏ ဖခင် ပိုင်ဆိုင်သော ခြံဝန်းထဲသို့ ထိုးကျသွားလေသည်။ ခရီးသည် ၁၅၈ယောက်အနက် ၇၃ဦး သေဆုံးခဲ့သည်။ လေယာဉ်ပျက်ကျသည့် အကြောင်းရင်းကို ရှာဖွေရန် တစ်ရက်ပင် မကြာလိုက်ပေ။ လောင်စာဆီ ကုန်ခန်းခြင်းပင်။ လေယာဉ်၏ ချို့ယွင်းချက် မဟုတ်။ ကွင်း၏ ချို့ယွင်းချက်မဟုတ်၊ လေယာဉ်မှူးများ အရက်သေစာ သောက်စားခြင်း မူးယစ်ဆေး သုံးစွဲထားခြင်း မရှိ။ လေယာဉ်သည် လောင်စာဆီ ကုန်ခန်းသွားခြင်းသာ ဖြစ်လေသည်။ ။