Thursday, January 15, 2015

လေယာဉ် ပျက်ကျမှုဆိုင်ရာ လူမျိုးစု သီအိုရီ ( ၇ မှ ၉ )


ထိုအချိန်က ကလော့ဇ် ပြောခဲ့သည့် စကားများကို ဘာသာဗေဒ ပညာရှင်တို့၏ ဝေါဟာရတွင် “ဖော့လုံး(ဖော့ပြောသည့်စကား)” ဟု ခေါ်သည်။ ပြောလိုသည့် အကြောင်းအရာကို ပေါ့စေလိုလျှင် တစ်ဖက်သား နားဝင်ချိုစေလိုလျှင် သုံးလေ့ရှိသည့် စကားပြောနည်းမျိုးကို ရည်ညွှန်းသည်။ ယဉ်ကျေးအောင် ပြောဆိုရသည့်အခါတွင်ဖြစ်စေ၊ ရှက်ရွံ့သည့်အခါ အားတုံ့အားနာ ဖြစ်ရသည့်အခါတွင် ဖြစ်စေ၊ အကြီးအကဲ၏ အမြင်နှင့် မတူညီသည့်စကားမျိုးကို တင်ပြပြောဆိုရသည့် အခါတွင်ဖြစ်စေ “ဖော့လုံး”များ သုံးလေ့ရှိသည်။ သင့်အထက်လူကြီးထံမှ အကူအညီ တစ်စုံတရာ ရယူလိုသည့်အခါမျိုးတွင် “ကျွန်တော် ဒါကို တနင်္လာနေ့ မနက်လောက် လိုချင်တယ်” ဟု သင်ပြောလိမ့်မည်မဟုတ်။ သင် ဖော့လုံး သုံးလိမ့်မည်သာ။ “ဒုက္ခပေးနေသလို ဖြစ်နေမလား မသိဘူး။ ဆရာ အရမ်း အလုပ်များနေရင်တော့ ထားလိုက်ပါဆရာ။ တကယ်လို့ ဆရာအဆင်ပြောရင် ဒီပိတ်ရက်လေးမှာ ဒါလေးကို နည်းနည်းလောက် ကြည့်ပေးပါလား။ အချိန်နည်းနည်းပဲ ပေးရမှာပါဆရာ” ဟု သင်ပြောလိမ့်မည်။ ထိုအခြေအနေမျိုးသည် “ဖော့လုံး” သုံးဖို့ အသင့်လျှော်ဆုံး ဖြစ်သည်။ မုန်တိုင်းတိုက်သည့်ည၏ လေယာဉ်ခေါင်းခန်းထဲက အခြေအနေမျိုး ဆိုရင်တော့ “ဖော့လုံး” သည် အန္တရယ်ပင် ဖြစ်သည်။

ဘာသာဗေဒပညာရှင် အူတီဖစ်ရှာနှင့် ဂျူဒစ် အိုရာစာနု တို့က စိတ်ကူးဖန်တီးထားသော အောက်ပါ  ဇတ်လမ်းတစ်ခုကို ကပ္ဗတိန်များနှင့် လက်ထောက်လေယာဉ်မှူးများ ပါဝင်သော အဖွဲ့တစ်ဖွဲ့ကို ချပြပြီး သူတို့သာဆိုလျှင် မည်သို့ ကိုင်တွယ်မည်ကို မေးမြန်းခဲ့သည်။
“ ရှေ့ ၂၅မိုင်တွင် မိုးသည်းထန်စွာ ရွာကြောင်း မိုးလေဝသ ရေဒါတွင် တွေ့နေရသည်။ သင့်အနီးတွင်လည်း မိုးသက်မုန်တိုင်းများ ကျရောက်နေကြောင်း သတင်းရပြီး လေပွေ များ မကြာခဏ ကြုံတွေ့နေရသော်လည်း လေယာဉ်မှူးသည် လက်ရှိလမ်းကြောင်းတွင် အမြန်နှုန်း မခ် ၀.၇၃ (တစ်နာရီ ၅၅၅ မိုင် - တစ်စက္ကန့် ၂၄၈မီတာနှုန်းခန့်) ဖြင့် ဆက်လက်မောင်းနှင်နေသည်။ သင့်အနေနှင့် သင့်လေယာဉ်ကို ထို မိုးသက်မုန်တိုင်း ဧရိယာအတွင်းသို့ မရောက်စေချင် ”
မေးခွန်း။ ။(လက်ရှိမောင်းနေသော) လေယာဉ်မှူးကို သင်ဘယ်လိုပြောမည်နည်း။

မုန်တိုင်းမှ လွတ်ရန်အတွက် လမ်းကြောင်းပြောင်းဖို့ လေယာဉ်မှူးအား ဖြောင့်ဖြဖို့ နည်းလမ်းခြောက်သွယ် ရှိလိမ့်မည်ဟု ဖစ်ရှာ နှင့် အိုရာစာနု တို့ ထင်ထားခဲ့သည်။ နည်းလမ်းတစ်ခုချင်းအတွက် ဖော့လုံး အဆင့်ကိုလည်း သတ်မှတ်ထားသည်။

၁) အမိန့်ပေးခြင်း - “ညာဘက်ကို သုံးဆယ်ဒီကရီ ချိုးပါ”။ ဤသည်မှာ ဆိုလိုရင်းကို သဘောပေါက်စေရန် သွယ်ဝိုက်မှုအကင်းဆုံး၊ တိကျပြတ်သားမှုအရှိဆုံး နည်းလမ်းဖြစ်ပြီး ဖော့လုံး လုံးဝမရှိ။

၂) တာဝန်အရ ပြောခြင်း - “ငါတို့ ညာဘက်ကို ချိုးသင့်တယ် ထင်တယ်”။ ငါတို့ ဟု သုံးထားပြီး အကြောင်းအရာကလည်း တိကျမှု နည်းသည်ကို တွေ့နိုင်သည်။ အတန်ငယ် ပျော့ပြောင်းစေသည့် ဖော့လုံးဖြစ်သည်။

၃) အကြံပေးခြင်း - “မုန်တိုင်းကို ကွေ့ရှောင်သွားကြစို့”။ တို့ အတူတကွ မုန်တိုင်းကို ကွေ့ရှောင်ဖို့ ကြိုစားကြမည်ဟု သွယ်ဝိုက်ဆိုလိုခြင်းဖြစ်သည်။

၎) မေးကြည့်ုခြင်း (တောက်ကြည့်ခြင်း) - “ မင်း ဘယ်ဘက်ကို ချိုးမှာလဲ” ဤနည်းလမ်းမှာ တာဝန်အရပြောခြင်းထက် ပိုပျော့ပြီး ပြောသူက သူ့မှာ တာဝန်မရှိဟု ဝန်ခံသည့် သဘောပါသည်။

၅) ဦးစားပေးခြင်း - “ဘယ်ဖြစ်ဖြစ် ညာဖြစ်ဖြစ် ချိုးလိုက်တာတော့ ပိုကောင်းမယ်ထင်တာပဲ”။ (မောင်းနေသည့် လေယာဉ်မှူး၏ ဆန္ဒကို ဦးစားပေးသည့် သဘောဖြစ်သည်)

၆) အရိပ်အမြွက်ပြောခြင်း - “ရှေ့  ၂၅မိုင်က မိုးလေဝသ တိုင်းထွာချက်တွေက အမှန်တွေထင်တယ်နော်”
ဤနည်းလမ်းသည်ကား အမြင့်ဆုံး ဖော့လုံး ကို သုံးခြင်းပေတည်း။

ကပ္ဗတိန်များကတော့ ထိုအခြေအနေမျိုးတွင် “ညာဘက်ကို သုံးဆယ်ဒီကရီ ချိုးပါ” ဟူသော အမိန့်ပေးခြင်းနည်းလမ်းကိုသာ အသုံးပြုကြမည်ဟု တစ်ခဲနက် ပြောကြားကြသည်။ သူတို့သည် သူတို့လက်ထောက်ကို စကားပြောရခြင်းဖြစ်သည်။ ဒဲ့ဒိုးပြောဆိုဖို့ရာ ကြောက်နေစရာ မလို။ လက်ထောက် လေယာဉ်မှူးများ အနေနှင့်မူ သူတို့ အထက်အရာရှိနှင့် စကားပြောနေရခြင်းဖြစ်သည်။ ထို့ကြောင့် သူတို့အားလုံးသည် အရိပ်အမြွက်လောက်သာ ပြောရမည့် အမြင့်ဆုံးဖော့လုံး သုံးသည့် နည်းလမ်းကို ရွေးချယ်ကြသည်။

ဖစ်ရှာနှင့် အိုရာစာနုတို့၏ လေ့လာတွေ့ရှိချက်သည် ကောက်ချက်ချရန် ခက်ခဲပြီး ခပ်ပေါ့ပေါ့သာ သဘောထားရမည့် ကိစ္စမျိုးမဟုတ်။ အဘယ့်ကြောင့်ဆိုသော် အရိပ်အမြွက်စကားသည် ဆိုလိုရင်း အဓိပ္ဗါယ်ကို သိရန် ခက်ခဲပြီး ငြင်းပယ်ဖို့ လွယ်ကူသောကြောင့်ဖြစ်သည်။ ၁၉၈၂ ခုနှစ်က ဝါရှင်တန်ဒီစီ အနီးတွင် အဲဖလော်ရီဒါ ပျက်ကျခဲ့စဉ်က လေယာဉ်တောင်ပံပေါ်တွင် ရေခဲများ ကပ်နေသည့် ပမာဏမှာ အန္တရယ်ဖြစ်လောက်အောင် များနေကြောင်းကို လက်ထောက်လေယာဉ်မှူးက ကပ္ဗတိန်ကို သုံးကြိမ်တိုင်တိုင် သတိပေးခဲ့သည်။ သို့သော် သူတို့ပြောပုံကို နားထောင်ကြည့်ပါ။ အားလုံး အရိပ်အမြွက်စကားများသာ ဖြစ်လေသည်။

လက်ထောက် လေယာဉ်မှူး - ရေခဲတွေ ကပ်နေပုံကို ကြည့်ပါအုံးဗျာ။ အဲ အဲမှာ။ တွေ့လား။

ထိုနောက်

လက်ထောက် လေယာဉ်မှူး - အနောက်မှာ ရေခဲပန်းဆွဲတွေ တွေ့လား။ တစ်ခုလုံးပဲ။

ထို့နောက်

လက်ထောက် လေယာဉ်မှူး - ညီလေး။ မင်း ဒီရေခဲတွေ အရေပျော်အောင် စောင့်နေလို့တော့ ပြီးမယ်မထင်ဘူး။ အဲဒါ အန္တရယ်ကင်းပြီလို့ ထင်အောင် မင်းစိတ်ကို လှည့်စားနေတာ သက်သက်ပဲ။

နောက်ဆုံးတော့ သူတို့ လေယာဉ်ထွက်ခွာဖို့ ခွင့်ပြုချက် ရသည့်အချိန်တွင် လက်ထောက်လေယာဉ်မှူးသည် သူ့စကားကို အရိပ်အမြွက်မှ အကြံပေးခြင်း အဆင့်သို့  နှစ်ဆင့်မြှင့်လိုက်သည်။

လက်ထောက် လေယာဉ်မှူး - ငါတို့ ဒီမှာ ပြင်ဆင်နေတုန်း အတောင်ပံတွေပေါ်ကို တစ်ချက်လောက် သွားကြည့်လိုက်ရအောင်။
ကပ္ဗတိန် - - - - - - - - - - - - ကျွန်တော်တို့ တစ်မိနစ်အတွင် ထွက်ရတော့မယ် ထင်တယ်။

ပိုတာမက် မြစ်အတွင်းသို့ လေယာဉ်ပျက်မကျသွားခင် လက်ထောက် လေယာဉ်မှူးက ကပ္ဗတိန်ကို ပြောခဲ့သော နောက်ဆုံးစကားမှာ အရိပ်အမြွက်လည်း မဟုတ်၊ အကြံပေးခြင်းလည်း မဟုတ်၊ အမိန့်ပေးခြင်းလည်း မဟုတ်။ အဖြစ်မှန်ကို အမှန်အတိုင်း တင်ပြလိုက်ခြင်းသား ဖြစ်သည်။ ဤတစ်ကြိမ်တွင်တော့ ကပ္ဗတိန်က သူ့စကားကို လက်ခံခဲ့သည်။

လက်ထောက် လေယာဉ်မှူး - လာရီ။ ငါတို့ စိုက်ဆင်းနေပြီနော်။ လာရီ။
ကပ္ဗတိန် --------------------- ကျွန်တော်သိတယ်။

ဖော့လုံးသည် လေယာဉ်ပျက်ကျစေနိုင်သည့် ကြီးမားသောလွဲချော်မှုတစ်ခုကို ဖြေရှင်းပြလိုက်သည်။ စီးပွားဖြစ် ပြေးဆွဲသော လေကြောင်းလိုင်းများတွင် ကပ္ဗတိန်နှင့် လက်ထောက်လေယာဉ်မှူးတို့သည် မောင်းနှင်ပျံသန်းရေး တာဝန်ကို အညီအမျှခွဲဝေယူထားကြသည်။ သို့သော် သမိုင်းကို ပြန်ကြည့်လျှင် လေယာဉ်ပျက်ကျမှုများသည် ကပ္ဗတိန် တာဝန်ယူ မောင်နှင်နေသည့် အချိန်တွင် ဖြစ်ပွားမှုပိုများကြောင်း တွေ့ရှိရသည်။ အစပိုင်းမှာတော့ ထိုတွေ့ရှိချက်သည် အရေးမပါဟုထင်ခဲ့ကြသည်။ ကပ္ဗတိန်များသည် လက်ထောက်လေယာဉ်မှူးထက် အတွေ့အကြုံများသူများ ဖြစ်ကြသည် မဟုတ်လော။ သို့သော် အဲဖလော်ရီဒါ အဖြစ်အပျက်ကို ပြန်စဉ်းစားကြည့်ပါ။ အကယ်၍ လက်ထောက်လေယာဉ်မှူးနေရာမှာ ကပ္ဗတိန်ဖြစ်နေခဲ့လျှင် အရိပ်အမြွက်စကားကို သုံးကြိမ်ထိအောင် ပြောလေမည်လား။ အရိပ်အမြွက်စကား မပြောပဲ အမိန့်ပေးစကားကိုသာ ပြောလိမ့်မည်ဖြစ်ပြီး လေယာဉ်လည်း ပျက်ကျလိမ့်မည် မဟုတ်တော့။ အတွေ့အကြုံအနည်းဆုံး လေယာဉ်မှူး မောင်းနှင်သည့်အချိန်တွင် လေယာဉ်သည် ပိုမိုစိတ်ချရဖွယ်ရှိသည်။ အဘယ့်ကြောင့်ဆိုသော် အခြားလေယာဉ်မှူးက သူ့ကို ပြောဆိုဖို့ရာ အားနာကြောက်ရွံ့ နေဖို့ မလိုသောကြောင့် ဖြစ်လေသည်။

ဖော့လုံးကို တိုက်ဖျက်ခြင်းသည် ပြီးခဲ့သည့် ၁၅နှစ်အတွင်း (မူရင်းစာအုပ် စတင်ထုတ်ဝေသည့် ၂၀၀၈ က အချိန်မှ ပြန်တွက်ခြင်းဖြစ်သည်) စီးပွားဖြစ် လေကြောင်းလိုင်းများ လောကတွင် အကြီးမားဆုံးသော တော်လှန်ရေးတစ်ရပ် ဖြစ်လေသည်။ ယခုအခါ အထင်ကရလေကြောင်းလိုင်းကြီးများ အားလုံးတွင် ဝန်ထမ်းအင်အား စီမံခန့်ခွဲရေး သင်တန်း  (Crew Resource Management tranining) ရှိနေပြီး လေယာဉ်ဝန်ထမ်းသစ်များအား စကားကို ရှင်းလင်းပြတ်သားစွာနှင့် ရဲတင်းစွာ ပြောဆိုနိုင်အောင် သင်ကြားပေးကြသည်။ ဥပမာအားဖြင့် လေကြောင်းလိုင်း အများစုသည် တွဲဖက်လေယာဉ်မှူးများအနေဖြင့် တစ်စုံတစ်ရာ အကြီးအကျယ် လွဲချော်နေပြီဟု ထင်ပါက သူတို့ ကပ္ဗတိန်ကို စောဒကတက်ရန်အတွက် လုပ်ထုံးလုပ်နည်းများ သင်ကြားပေးထားသည်။ ( “ကပ္ဗတိန် ကျွန်တော် ဒါကို စိုးရိမ်တယ်” ထို့နောက် “ကပ္ဗတိန် ကျွန်တော်ဒါကို သိပ်မကြိုက်ဘူး” ထိုမှတစ်ဆင့် “ကပ္ဗတိန် ကျွန်တော်တို့ အန္တရယ်ရှိနေပြီ” အကယ်၍ ကပ္ဗတိန်က ဆက်လက်ခေါင်းမာနေပါက လက်ထောက်လေယာဉ်မှူးက ပျံသန်းရေးကို ဝင်ရောက် တာဝန်ယူရမည်။) ယခုနှစ်ပိုင်းများတွင် လေယာဉ်ပျက်ကျမှုနှုန်း လျော့နည်းလာရခြင်းမှာ အခြားသော ကြိုးစားအားထုတ်မှုများအပြင် ဖော့လုံးတိုက်ဖျက်မှု အောင်မြင်ခြင်းကြောင့်လည်း ဖြစ်သည်ဟု လေကြောင်းဆိုင်ရာ ကျွမ်းကျင်သူများက ဆိုသည်။

“အခြေခံ အကျဆုံးအနေနဲ့ဆိုရင် ငါတို့လေကြောင်းလိုင်းမှာ လက်ထောက်လေယာဉ်မှူးနဲ့ လေယာဉ်မှူး အချင်းချင်း နာမည်ကိုပဲခေါ်ပြီး စကားပြောကြဖို့ ငါတို့ အတင်းအကြပ်တောင်းဆိုခဲ့ကြတာ။ ဒီနည်း မဆိုးဘူးလို့ ထင်တယ်။ 'ကပ္ဗတိန်၊ ကပ္ဗတိန်လုပ်တာ မှားနေပြီထင်တယ်' လို့ ပြောဖို့က နည်းနည်းခက်မယ်လေ” ဟု ရာဝတ် က ပြောသည်။ သူက ဖော့လုံး ပြဿနာကို အလွန် အလေးအနက်ထားသူဖြစ်သည်။ အကယ်၍ သင်သည် Avianca လေယာဉ်ပျက်ကျမှုကို သင်္ခန်းစာယူနေသော လေကြောင်းဝန်ထမ်း တစ်ဦးမဟုတ်လျှင် သူ့ကဲ့သို့ အလေးအနက်ထားတတ်မည် မဟုတ်ပေ။ “ငါ့ကိုယ်တိုင် လုပ်တာတစ်ခုကတော့ ငါ့ကိုယ်ငါ နှိမ့်ချဆက်ဆံတာပဲ။ ငါ့တွဲဖက် လေယာဉ်မှူတွေကို 'ငါက တခါတလေလောက်ပဲ လေယာဉ်မောင်းတာ။ တစ်လကို သုံးလေးကြိမ်လောက်ပဲ။ မင်းက အမြဲလို လေယာဉ်မောင်းနေရတာ။ တကယ်လို့ ငါလုပ်တာကိုင်တာ တစ်ခုခု မှားနေတာတွေ့ရင် အဲဒါ ငါ မောင်းတဲ့ အကျင့်မရှိလို့ ဖြစ်ရတာပဲ။ အဲဒါမျိုးတွေ့ရင် ပြောသာပြော။ ငါ့ကို ဘေးကနေ ကူပေး။' ဒါဆို သူတို့ ပြောရဲဆိုရဲ ရှိလာမယ်လို့ မျှော်လင့်ရတာပဲ ” ဟု ရာဝတ်က ဆက်ပြောပြသည်။


Avianca ခရီးစဉ်အမှတ် ၀၅၂ ၏ ခေါင်းခန်းတွင်းကို ပြန်ကြည့်ကြပါစို့။ လေယာဉ်သည် ပထမအကြိမ် ကွင်းဆင်းမှု မအောင်မြင်၍ ကနေဒီလေဆိပ်မှ ပြန်ပတ်ခဲ့ရသည်။ ကလောဇ့်သည် ရေဒီယိုဖြင့် ATC ကို ဆက်သွယ်ပြီး သူတို့ ဘယ်တော့ နောက်တစ်ကြိမ် ကွင်းဆင်းခွင့်ရမလဲဆိုတာ စုံစမ်းယုံသာ လုပ်နေသည်။ ကေးဗိဒ်စ်က သူ့ကိုလှည့်ပြောသသည်။

ကေးဗိဒ်စ် - သူက ဘာပြောလဲ
ကလော့ဇ် - ကျွန်တော့်သူ့ကို ပြောပြီးပြီ။ အခု ကျွန်တော့်တို့ ဆင်းတာ အဆင်မပြေလို့ နောက်တစ်ကြိမ်ပြန်ဆင်းမယ် ဆိုတာ။

လေးစက္ကန့်မျှ တိတ်ဆိတ်သွားသည်။

ကေးဗိဒ်စ် - ငါတို့ အရေးပေါ် အခြေအနေ ဖြစ်နေပြီလို့ ပြောလိုက်ကွာ။

နောက်ထပ် လေးစက္ကန့်မျှ တိတ်သွားပြန်သည်။ ကပ္ဗတိန်က ထပ်ပြောသည်။

ကေးဗိဒ်စ် - မင်း သူ့ကို ပြောပြီးပြီနော်
ကလော့ဇ် - ဟုတ်ကဲ့ဆရာ။ ကျွန်တော် ပြောပြီးပြီ။

ကလော့ဇ်က ATC ကို စကားစပြောသည်။ သူတို့ တည်နေရာကို သတင်းပို့သည်။

ကလော့ဇ် - Avianca ခရီးစဉ် ၅၂၊ လမ်းကြောင်း ၁-၅-၀၊ အမြင့်ပေ ၂၀၀၀၊ 

ကပ္ဗတိန်သည် တုန်လှုပ်ခြောက်ခြားနေကြောင်း သိသာသည်။

ကေးဗိဒ်စ် -  ငါတို့မှာ ဆီမရှိတော့တာ ပြောလိုက်လေ။

ကလော့ဇ်က ရေဒီယိုမှ တစ်ဆင့် ATC သို့ ဆက်သွယ်ပြန်သည်။

ကလော့ဇ် - ပေးသုံးထောင်သို့ တက်ပြီး စောင့်နေမယ် အဲ.. ကျွန်တော်တို့မှာ ဆီကုန်တော့မယ် ဆရာ။

နောက်တစ်ကြိမ် မှားပြန်သည်။ အဓိက စကားလုံးဖြစ်သည့် “အရေးပေါ်” ကို မသုံးခဲ့။ ATC တာဝန်ခံများကို ထိုစကားလုံးကို ချက်ခြင်း ကြားနိုင်ပြီး တုံ့ပြန်နိုင်အောင် လေ့ကျင့်ပေးထားလေ့ရှိသည်။ “ဆီကုန်တော့မယ် ဆရာ” ကို နောက်ဆုံးမှ ပြောသည်။ ထိုစကားမပြောခင် ရှေ့က ခံထားသော “အဲ..” သည် ဖော့လုံး ပင် ဖြစ်သည်။ Avianca လေယာဉ်မှူးတို့၏ အမှားများကိုသာ လက်ချိုးရေတွက်မည်ဆိုလျှင် လက်နှစ်ဖက်စာ မကနိုင်တော့။

ကေးဗိဒ်စ် - ငါတို့မှာ ဆီမရှိတော့တာ ပြောပြီးပြီလား။

ကလော့ဇ် - ဟုတ်ကဲ့ဆရာ။ ပြောပြီးပြီ။

ကေးဗိဒ်စ် - အိုကေ (စပိန်လို ပြောလိုက်သည်)

အကယ်၍ ဤအခြေအနေသည် မကြာခင်မှာ ကျတော့မည့် ကံဆိုးမိုးမှောင်တစ်ခုအတွက် 
ရှေ့ပြေးနိမိတ်တစ်ခု မဟုတ်လျှင် သူတို့အပြန်အလှန် ပြောနေကြပုံမှာ ဆိုနီ မိုးကျော် ဟာသပျက်လုံးများသဖွယ် ဖြစ်နေပေသည်။ 
တစ်မိနစ်မျာ တိတ်ဆိတ်သွားပြန်သည်။

ATC - Avianca ၀၅၂။ ခင်ဗျားတို့လေယာဉ်ကို အရှေ့မြောက် ၁၅ မိုင်ကို ရွှေ့ပြီး ပြန်ကွေ့ပြီး ကွင်းဆင်းဖို့ ချဉ်းကပ်ပါ။ အဆင်ပြေလား။ လေယာဉ်ဆီရော လောက်ပါ့မလား။

ကလော့ဇ် - ထင်ရတာပဲ။ ကျေးဇူးတင်ပါတယ်။

'ထင်ရတာပဲ။ ကျေးဇူးတင်ပါတယ်' တဲ့။ လေယာဉ်ကဖြင့် ပျက်ကျတော့မည့် ဆဲဆဲ။ လေယာဉ်မယ် တစ်ယောက်က ခေါင်းခန်းထဲဝင်လာပြီး အခြေအနေ လာကြည့်သည်။ အင်ဂျင်နီယာက သူ့ကို ဖင်ကပ်နေသည့် လေယာဉ်ဆီ ဂိတ်ကို လက်ညှိုးညွှန်ပြလိုက်ပြီး ထိုလက်ညှိုးနှင့်ပင် သူ့လည်ပင်းသူ လှီးပြသည့် ပုံစံ လုပ်ပြလိုက်သည် (ထို လေယာဉ်မယ်သည် အသက်ရှင်ကျန်ရစ်သည့် အတွက် ပြန်သိရခြင်းဖြစ်သည်)။ သို့သော် အင်ဂျင်နီယာကလည်း ဘာမှ မပြော။ နောက် ၅မိနစ်ခန့် ကြာသည့်တိုင် ခေါင်းခန်းထဲက မည်သူကမျှ စကားတစ်ခွန်းမှ မပြောကြ။ ရေဒီယိုမှ အသံများနှင့် ပုံမှန်လှုပ်ရှားသံများ သားကြားရပြီးနောက် အင်ဂျင်နီယာ၏ အော်သံ ကြားလိုက်ရသည်။ “အင်ဂျင်အမှတ်၎ မီးလောင်နေပြီ”

ကေးဗိဒ်စ်က “ငါ့ကို ပြေးလမ်းပြစမ်းပါ” ဟု အော်ပြောသည်။ သို့သော် လေယာဉ်သည် ပြေးလမ်း၏ ၁၆မိုင် အကွာတွင် ရောက်နေသည်။ 
၃၆စက္ကန့် ခန့်ကြာသွားသည်။ ATC က ပြောသံကို နောက်ဆုံးကြားလိုက်ရသည်။

ATC - မင်းတို့မှာ၊ မင်းတို့မှာ လေယာဉ်ကွင်းကို ပြန်လာဖို့ ဆီရှိသေးရဲ့လား။

အသံဖမ်း မှတ်တမ်း ရပ်သွားသည်။

၉ 

“အဲဒီ ပျက်ကျမှုနဲ့ ပတ်သတ်ပြီး မင်းတို့ သိထားဖို့လိုတာက နယူးယောက် ATC တာဝန်ခံတွေက ရိုင်းတယ်၊ ကြမ်းတယ်၊ အနိုင်ကျင့်တတ်တယ်လို့ နာမည်ကြီးတယ်။ သူတို့တွေ တော်ကြတယ်။ ကန့်သတ်ချက်တွေများတဲ့ အခြေအနေနဲ့ ပတ်ဝန်းကျင်မှာ အရမ်းအရမ်းကို များတဲ့ လေယာဉ်လမ်းကြောင်းတွေကို ထိန်းချုပ်ညွှန်ကြားနိုင်တယ်။ ဂျွန်အက်ဖကနေဒီ လေဆိပ်မှာ လမ်းကြောင်းပျောက်နေတဲ့ လေယာဉ်မှူးတစ်ယောက်ရဲ့ ဇာတ်လမ်းကလည်း အတော်လူသိများတယ်။ ဂျွန်အက်ဖကနေဒီလေဆိပ်မှာ လေယာဉ်ဆင်းသက်ပြီးပြီဆိုရင်တော့ လုပ်ရကိုင်ရတာ ဘယ်လို လွယ်ကူသွားမှန်းကို မသိဘူး။ ဝင်္ကဘာလိုမျိုးပဲ။ ဘာကြောင့်ရယ်မသိဘူး အမျိုးသမီး လေကြောင်းထိန်းချုပ်ရေးမှူးက သူ့ကို စိတ်အချဉ်ပေါက်သွားတယ်။ 'ရပ်နေ။ ဘာမှမလုပ်နဲ့။ ငါကစ မပြောမချင်း ငါ့ကို ဘာမှ လာမပြောနဲ့။' လို့ ပြောပြီး သူ့ကို အဲဒီအတိုင်း ပစ်ထားလိုက်တယ်။ နောက်ဆုံးမှာတော့ လေယာဉ်မှူးက မိုက်ကရိုဖုန်းကို ကောက်ကိုင်ပြီး 'အစ်မ။ အရင်ဘဝကများ ခင်ဗျားကို ကျွန်တော်လက်ထပ်ခဲ့ဖူးသလား' လို့ ပြန်ပြောလိုက်တယ်။” ဟု ရာဝတ်က ပြောပြသည်။

“သူတို့က အံ့ဩဖို့ကောင်းတယ်။ သူတို့ လေကြောင်းထိန်းချုပ်ပုံက 'ဒါ ငါ့တာဝန်၊ ပါးစပ်ပိတ်ပြီး ငါပြောတဲ့အတိုင်းလုပ်' ဆိုတဲ့ ပုံစံမျိုး။ သူတို့က ခပ်ရင့်ရင့်ပဲ စကားပြောတယ်။ အဲလို မပြောတာကို မကြိုက်ဘူးဆိုရင် မင်းကလည်း သူတို့ကို ခပ်ရင့်ရင့် ပြန်ပြောယုံပဲရှိတယ်။ အဲဒါဆို သူတို့က 'ကောင်းပါပြီ' လို့ ပြန်ပြောလိမ့်မယ်။ မင်းက အဲလို ပြန်မပြောတတ်ဘူးဆိုရင်တော့ သူတို့ဘက်က တရစပ် လွှတ်နေတော့မှာ။ တစ်ခါက ဗြိတိသျှ လေကြောင်းလိုင်းက လေယာဉ်တစ်စီး နယူးယောက်ကို သွားခဲ့တဲ့ အဖြစ်ကိုလည်း ငါမှတ်မိသေးတယ်။ သူတို့က နယူးယောက် ATC လမ်းကြောင်းအစီအစဉ်တွေကြားထဲမှာ အကြာကြီး ပိတ်မိနေတယ်။ ဗြိတိသျှလေကြောင်းက လေယာဉ်မှူးက 'မင်းတို့တွေ လန်ဒန်က ဟီးသရူးလေဆိပ်ကို သွားပြီ ဘယ်လိုလေကြောင်းထိန်းချုပ်ရမယ်ဆိုတာ သွားလေ့လာသင့်တယ်'။ နောက်ဆုံးတော့ စိတ်ဓါတ်က စကားပြောတာပဲ။ ဒီလို အပေးအယူပုံစံမျိုး မင်းမလုပ်တတ်ဘူးဆိုရင်တော့ နယူးယောက် လေဆိပ်က တော်တော်ကို ကြောက်စရာ ကောင်းလိမ့်မယ်။ Avianca က လေယာဉ်မှူးတွေဟာ အဲဒီ တရစပ် လွှတ်နေတဲ့ အမိန့်တွေ ဟိန်းဟောက်မှုတွေကို ကြောက်သွားပုံရတယ်။”

ရာဝတ်သာဆိုရင်ရော အဲလို လုပ်နိုင်ပါ့မလား ဆိုတာကိုတော့ တွေးကြည့်စရာပင်မလိုပါ။ သူသည် အတ္တကြီးသူ၊ ကိုယ်ဖြစ်ချင်တာ ရှေ့တန်းတင်တတ်သူ၊ ဘယ်သူသေသေ ငတေမာ ပြီးရော ဆိုသည့် လူမျိုးမဟုတ်ပါ။ သူ့မှာ ကမ္ဘာလောကကြီးကို မတူကွဲပြားစွာ ရှုမြင်တတ်သည့် အရည်အချင်းသောကြောင့်သာ ဖြစ်ပါသည်။ လေယာဉ်မောင်းခန်းထဲတွင် အကူအညီလိုလျှင် ဒုတိယအဆိုင်းမှ လေယာဉ်မှူးမျာကို နှိုးရန် သူ ဝန်မလေးတတ်ပါ။ မော်စကိုက အဆင်မပြေဘူးထင်လျှင် ဟယ်ဆင်ကီးကို သူ ပြောင်းပြီးဆင်းသက်မည်။ ထို့အပြင် ဟယ်ဆင်းကီးမှာ လေစုန်မိနေလျှင် လေဆန်ဘက်က ဆင်းခွင့်ပြုဖို့ သူတောင်းဆိုဝံ့သည်။ ဤမနက်က ဟယ်ဆင်းကီးက အပြန်တွင် သူ့လေယာဉ်ကို ပြေးလမ်းမှားဝင်ထားမိသည့်အခါ လက်ထောက်လေယာဉ်မှူးက သူ့ကို ချက်ချင်းထောက်ပြသည်။ သူက ထိုအကြောင်းကို ပြန်တွေးပြီး ရယ်နေသည်။ “မာဆာက ဆွစ်လူမျိုးလေ။ ငါ့ကို အဲလို ထောက်ပြလိုက်ရတာ သူပျော်နေတယ်။ တစ်လမ်းလုံး ငါ့ကို စ နေတယ်”

“ဒီကောင်တွေ လုပ်ရမှာက ATC တာဝန်ခံကို 'မင်းပြောတဲ့အတိုင်း လုပ်ဖို့ ငါတို့မှာ ဆီမရှိတော့ဘူး' လို့ တန်းပြောရမှာ။ 'ငါတို့ မလုပ်နိုင်ဘူး။ ငါတို့ နောက်ဆယ်မိနစ်အတွင်း ကွင်းဆင်းမှ ဖြစ်မယ် လို့ တခါတည်း ပြောရမှာ' သူတို့ ATC ကို အတိုက်အခံပြောရဲကြဘူး” ဟု ရာဝတ်က ဆက်ပြောသည်။ 

ဤနေရာတွင် ရာဝတ်သည် စကားကို သတိထားပြီး ဂရုတစိုက် ပြောသည်။ ယဉ်ကျေးမှုကို ပြစ်တင်ဝေဖန်ခြင်းသည် တခါတရံ ကျွနုပ်တို့ကို လက်ခံရခက်စေသည်မဟုတ်ပါလား။ သို့သော် Avianca ပျက်ကျမှုသည် ထူးခြားဆန်းကျယ်သည်၊ နားလည်ရ ခက်လှသည်။ လက်ထောက်လေယာဉ်မှူးက လုပ်ငန်းကျွမ်းကျင်မှု မရှိ၊ ကပ္ဗတိန်က အလွန်ပင်ပန်းနေသည်ဟူသော အဖြေထက် ပို၍
ပြည့်စုံရှင်းလင်းသော ဖြေရှင်းချက်မျိုး လိုအပ်ပေသည်။ ပို၍ သိမ်မွေ့နက်နဲပြီး အခိုင်အမာ အမြစ်တွယ်နေသော ဖြစ်ရပ် တစ်စုံတစ်ရာသည် လေယာဉ် ဦးခန်းထဲတွင် ဖြစ်ပွားခဲ့သည်။ ထို တစ်စုံတစ်ရာဆိုသည်မှာ  လေယာဉ်မှူးများက ကိုလံဘီယာ လူမျိုးများ ဖြစ်နေခြင်းဖြစ်ပြီး ယခုပျက်ကျမှု၏ အဓိက အကြောင်းရင်းဖြစ်သည်ဟု ဆိုလျှင်လက်ခံနိုင်ကြပါမည်လော။ “မင်းကြည့်လိုက်၊ ဘယ်အမေရိကန် လေယာဉ်မှူးကမှ ဒီလို မလုပ်ဘူး( မပြောဘူး)။ အဲဒါ အဖြေပဲ” ဟု ရာဝတ်က
ထောက်ပြသည်။ “သူတို့က 'ငါပြောတာ နားထောင်၊ ငါတို့ အခုကို ကွင်းဆင်းမှဖြစ်မယ်' လို့ပဲ ပြောလိုက်မှာ”















Thursday, January 1, 2015

လေယာဉ် ပျက်ကျမှုဆိုင်ရာ လူမျိုးစု သီအိုရီ ( ၄ မှ ၆ )


“စံနမူနာ ထားရမယ့် ဖြစ်ရပ်ပဲ” ဟု ဝါရင့်လေယာဉ်မှူး တစ်ဦးဖြစ်သူ ဆူရန်ရာဝတ် က ပြောသည်။ သူက နယူကလီးယား စက်ရုံများနှင့် လေယာဉ်ပျံများကဲ့သို့ ရှုပ်ထွေးလှသည့် စက်များတွင် လူသားတို့ တုံ့ပြန်ကိုင်တွယ်ပုံကို လေ့လာသုံးသပ်သည့် လူသားပါဝင်မှု (Human Factors) ကို သုတေသနပြုနေသူ ဖြစ်သည်။ သီရိလင်္ကာလူမျိုး တစ်ယောက်ဖြစ်ပြီး အရွယ်ရောက်ချိန်မှစ၍ လေယာဉ်မောင်းလာခဲ့သည်မှာ ယခု အသက်လေးဆယ်ကျော်ပြီဖြစ်ပြီး ဖျတ်လတ်တက်ကြွဆဲ ဖြစ်သည်။ မန်ဟက်တန်ရပ်က ရှာရတန်ဟော်တယ် ဧည့်ခန်းတွင် သူ့ကိုတွေ့ခဲ့ရသည်။ သူက ဒူဘိုင်းမှ ဂျက်လေယာဉ်ကြီး တစ်စီးကို ခရီးရှည်မောင်းနှင်လာခဲ့ပြီး ခုနလေးကမှ ကနေဒီလေဆိပ်သို့ ဆင်းသက်လာခဲ့သူဖြစ်သည်။ Avianca  လေယာဉ်ပျက်ကျမှု ဖြစ်ရပ်ကို သူကောင်းကောင်းသိသည်။ သူက လေယာဉ်ပျက်ကျချိန်တွင် ရှိနေသည့် အခြေအနေများကို ထောက်ပြသည်။ မုန်တိုင်းငယ်၊ ခရီးစဉ် နောက်ကျနေမှု၊ အော်တိုပိုင်းလော့ တွင် မပြောပလောက်သည့် စက်ချို့ယွင်းမှု ဖြစ်နေခြင်းနှင့် လမ်းတွင် သုံးကြိမ်တိုင်တိုင် ဝဲပျံနေရသည့် ကြာချိန် တို့ ဖြစ်သည်။ လမ်းတွင် ဝဲပတ်ပျံသန်းနေရခြင်းကြောင့် အချိန် မိနစ် ရှစ်ဆယ်ခန့် ကုန်ဆုံးသွားစေသည်သာမက ထိုအချိန်သည် အနိမ့်ပိုင်းတွင် ပျံသန်းနေခြင်းကြောင့် အမြင့်ပိုင်းတွင် ပျံသန်းသည်ထက် လောင်စာဆီ ပိုမိုအသုံးပြုရသည်ဟု ဆိုသည်။

“သူတို့ မောင်းခဲ့တဲ့ ဘိုးရင်း၇၀၇ ဆိုတာ သက်တမ်းအားဖြင့် အတော်အိုနေပြီဆိုတော့ မောင်းရတာ တော်တော်ခက်တယ်” ဟု ရဝတ်က ပြောပြသည်။ “အဲဒီလေယာဉ်တွေက အလုပ်ပိုရှုပ်တယ်။ လေယဉ်ပဲ့ထိမ်းပိုင်းစနစ်က ဟိုက်ဒရောလစ်စနစ် စစ်စစ်မဟုတ်သေးဘူး။ ပူလီတွေ သံကြိုးသံချောင်းတွေနဲ့ ပဲ့ထိမ်းသတ္ထုပြားတွေကို ဆွဲထိမ်းထားတာ။ မင်း သူ့ကိုမောင်းချင်ရင် အားကောင်းမောင်းသန် ဖြစ်မှရမယ်။ အဲဒါကြီးကို ကောင်းကင်မှာ ဝဲပတ်နေရအုံးမယ်ဆိုတော့ လှေလှော်နေသလောက်ကို အင်အားတွေ ထုတ်သုံးရမှာ။ အခု ငါမောင်းနေတဲ့ လေယာဉ်က လက်ချောင်းလေးတွေပဲ သုံးစရာလိုတယ်။ မောင်းတံလေး (Joystick) ကို ဆွဲလိုက်ယုံပဲ။ ပြီးတော့ ငါ့ယောဉ်က စက်တွေက ကြီးတယ်။ သူတို့လေယာဉ်က စက်က ကော်ဖီခွက်အရွယ်လောက် လေးတွေ။ လေယာဉ်မှူးက ညာဘက်က အရှိန်ထိန်းမောင်းတံကို ကိုင်ရမယ်၊ ဘယ်ဘက်က ပဲ့ထိမ်းမောင်းတံကို ဆွဲရမယ်၊ မျက်လုံးကလည်း ကော်ဖီခွက် အရွယ်လောက်ရှိတဲ့ စက်ကလေး ၉ လုံးကို ကြည့်နေရအုံးမယ်။ ကြာတော့ သူလည်းမခံနိုင်တော့ဘူး။ နောက်ထပ် စိုက်ထုတ်ဖို့ အင်အားမရှိတော့ဘူး။ အဲဒါ မင်းပင်ပန်းလာရင် ဖြစ်တတ်တဲ့သဘောပဲ။ ဆုံးဖြတ်နိုင်စွမ်းတွေ ကျလာမယ်။ နေ့စဉ်လုပ်နေကျ အလုပ်တွေကိုတောင် မေ့လျော့လစ်ဟာမှုတွေ ဖြစ်လာမယ်”

အပျက်အစီးများကြားမှ BlackBox ကို ပြန်ရလာသောအခါ နောက်ဆုံးတစ်နာရီခန့်တွင် ကပ္ဗတိန် ကေးဗိဒ်စ်သည် ATC (လေကြောင်းလမ်းကြီးကြပ်ရေး) အား ညွှန်ကြားချက်များကို စပိန်ဘာသာစကားနှင့် ပြောရန် ထပ်တလဲလဲ တောင်းဆိုနေသည်ကို ကြားကြရသည်။ သူ့တွင် အင်္ဂလိပ်စကားကို အဓိပ္ဗါယ်ဖော်နိုင်မှု အင်းအား မရှိတော့သကဲ့သို့ပင်။ ညွှန်ကြားချက်များကို ထပ်ပြောပြဖို့ တောင်းဆိုသည့်အဖြစ်ကလည်း ကိုးကြိမ်ရှိခဲ့သည်။ တစ်ခုခုပြောလိုက်တိုင်း “ကျယ်ကျယ်ပြောပါ။ မကြားရဘူး” ဟု တောင်းဆိုခဲ့သည်။ ကနေဒီလေဆိပ်ရဲ့ အရှေ့တောင်ဘက် မိုင်လေးဆယ် အကွာတွင် ဝဲပတ်နေရသည့် အချိန်တွင် ဆီကုန်ခါနီးပြီကို လေယာဉ်ခေါင်းခန်းထဲက လူတိုင်းသိနေကြပါလျှက် ၆၅မိုင်သာ ကွာဝေးသော ဖီလာဒဲဖီးယားကွင်းကို ဆင်းသက်ခွင့် မတောင်းခဲ့တာလဲ။ ကြည့်သည်မှာ သူ့ခေါင်းထဲတွင် နယူုးယောက်ကိုသာ စွဲနေသည့် သဘောပင်။ ကွင်းဆင်းသက်မှုမှ ပြန်လည်ရုန်းထွက်ရစဉ် လေယာဉ်၏ မြေပြင်အကွာအဝေး သတိပေးစက်ကို ၁၅ ကြိမ်ထပ်မနည်း ပိတ်ပစ်ခဲ့သည်ကို ကြည့်ခြင်းအားဖြင့် အလွန်နိမ့်စွာ ပျံသန်းခဲ့ကြောင်း သိနိုင်ပေသည်။သတိလက်လွတ် ဖြစ်နေပုံရသည်။ ဆင်းသက်နေရာမှ ပြန်ဆွဲတင်ပြီးလျှင် ချက်ခြင်းပြန်ပတ်ပြီး ဆင်းနိုင်ရန် ကြိုးစားသင့်ပေမယ့် သူမလုပ်ဖြစ်ခဲ့။ (အဝေးကြီးပတ်ပြီး ပျံခဲ့သည်)။ သူ ခြေကုန်လက်ပန်း ကျနေပြီ။

အဲဒီ အဖြစ်အပျက် တလျှောက်လုံးမှာ လေယာဉ်ခေါင်းခန်းတစ်ခုလုံး မယုံနိုင်စရာ တိတ်ဆိတ်နေသည် (ကပ္ဗိတိန်၏ စကားသံမှ အပ)။ ကပ္ဗတိန်ဘေးမှာ လက်ထောက်လေယဉ်မှူး ကလော့ တစ်ယောက်လုံးထိုင်နေပါလျှက် အသံဖမ်းစက်ထဲတွင် စက်သံနှင့် အသက်ရှူသံတို့မှအပ အခြားအသံတစ်စုံတစ်ရာ မရှိသော ကာလရှည်များလည်း အတော်များများရှိသည်။ အမှန်မှာ လေကြောင်းကြီးကြပ်ရေး (ATC) နှင့် ဆက်သွယ်စကားပြောရမည့်အလုပ်သည် ကလော့ဇ်၏ တာဝန်ဖြစ်ပြီး အလွန်အရေးကြီးသည့် အပိုင်းကို တာဝန်ယူထားရခြင်းဖြစ်သည်။ သို့သော် ထိုညက သူ့အပြုအမူမှာ ရေသာခို လိုက်နေသလို ဖြစ်နေသည်။ ကနေဒီလေဆိပ်၏ အရှေ့တောင်ဘက်တွင် ဝဲပတ်နေရသည့် အချိန်ကျမှသာ ကလော့ဇ်က သူတို့လေယာဉ်သည် အခြားလေဆိပ်သို့ ပြောင်းရွှေ့ဆင်းသက်ရန် ဆီလုံလောက်မည်မထင်ကြောင်း ATC ကို ပြောခဲ့သည်။ ထို့နောက် ATC မှ “အသင့်ပြင်ထားပါ” ဟုသော ညွှန်ကြားချက်ကို ကြားရသည်။ တစ်ဆက်တည်း “ကနေဒီ လေဆိပ်သို့ ဆင်းသက်ရန် လမ်းကြောင်းရှင်းပြီ” ဟု ညွှန်ကြားလိုက်သည်။ ထိုအချိန်တွင် Avianca မှ လေယာဉ်မှူးနှင့် လက်ထောက်လေယာဉ်မှူးတို့သည် ATC က ရှေ့တွင် ကနေဒီ လေဆိပ်ကို ဆင်းသက်ရန် စောင့်ဆိုင်းနေသော အခြားလေယာဉ်အားလုံးကို ကျော်ဖြတ်ပြီး သူတို့လေယာဉ်ကို အရင် ဆင်းခွင့်ပေးလိုက်သည်ဟု ယူဆလိုက်ကြမည်ဟု နောက်ပိုင်းတွင် စုံစမ်းစစ်ဆေးရေးသမားများက ကောက်ချက်ချခဲ့သည်။ တကယ်မှာမူ လေယာဉ်မှူးတို့ ယူဆသလို မဟုတ်ခဲ့။ သူတို့က ရှေ့က စောင့်ဆိုင်းနေသည့် လေယာဉ်များ နောက်တွင် ဝင်ရောက်တန်းစီနေစေခြင်းသာ ဖြစ်သည်။ ထိုအဖြစ်သည် လေယာဉ်တစ်စီးလုံး၏ ကံကြမ္မာကို ပြောင်းလဲပြစ်လိုက်နိုင်သော မဟာ့မဟာ နားလည်မှု လွဲမှားခြင်းပင် ဖြစ်သည်။ သို့တစေ လေယာဉ်မှုးများသည် (မိမိတို့လေယာဉ်တွင် ဆီနည်းနေကြောင်း) ထပ်မံ တင်ပြတောင်းဆိုခြင်း သို့မဟုတ် သေချာအောင် ပြန်မေးခြင်း ပြုလုပ်ခဲ့ပါ၏လော။ မလုပ်ခဲ့ပါ။ နောက်ထပ် သုံးဆယ်ရှစ်မိနစ်လုံးလုံး သူတို့ ထိုအကြောင်းကို သူတို့ ထပ်မံ မတင်ပြခဲ့တော့ပါ။


ရာဝတ်က လေယာဉ်ခေါင်းခန်းထဲမှာ တိတ်ဆိတ်နေခြင်းသည် အဓိပ္ဗါယ် မရှိဟု ဆိုသည်။ ထိုအကြောင်းရင်းကို ရှင်းမပြခင် ယနေ့ (သူနှင့်မူရင်းစာရေးသူတို့တွေ့ဆုံခဲ့သည့်နေ့) မနက်က ဒူဘိုင်းက အပြန်ခရီးတွင် ကြုံခဲ့ရသည့် အဖြစ်အပျက်ကို ဦးစွာပြောပြသည်။ “ငါ့လေယာဉ်ပေါ်မှာ အမျိုးသမီးတစ်ယောက်ပါလာတယ်။ လမ်းမှာ အကြောတွေဆိုင်းပြီး အန်လည်းအန်တယ်။ အတော်လေး အခြေအနေဆိုးတယ်။ သူလေဖြတ်သွားပြီလို့ ငါတို့ယူဆလိုက်တယ်။ သူက အိန္ဒိယ အမျိုးသမီးဖြစ်ပြီး သူ့သမီးရှိတဲ့ အမေရိကားကို လာတာ။ သူ့ယောက်ျားက အင်္ဂလိပ်လိုရော ဟင်ဒီလိုရော မပြောတတ်ဘူး။ ပန်ချာဘီစကား တစ်မျိုးပဲ ရတယ်။ သူနဲ့ စကားပြောနိုင်တဲ့သူ တစ်ယောက်မှ ပါမလာဘူး။ သူတို့ကြည့်ရတာ ပန်ဂျပ်ပြည်နယ်က ရွာတစ်ရွာကနေ လာခဲ့တဲ့ပုံပဲ။ ပိုက်ဆံလည်း တစ်ပြားမှ မပါကြဘူး။ အဲဒီလို ဖြစ်တော့ ငါတို့က မော်စကိုမြို့ပေါ်မှာ ပျံနေတဲ့အချိန်၊ သူတို့ကို မော်စကိုကို ပို့လို့ မဖြစ်ဘူးဆိုတာ ငါသိတယ်။ တကယ်လို့ ပို့လိုက်ရင် ဘာတွေဆက်ဖြစ်မလဲ ငါမသိဘူး။ ငါ့လက်ထောက် လေယာဉ်မှူးကို ငါပြောလိုက်တယ်။ “လေယာဉ်ကို မင်းမောင်း၊ ငါတို့အခု ဟယ်ဆင်းကီး (ဖင်လန်နိုင်ငံမြို့တော်)ကို သွားမယ်”

ရာဝတ် ပထမဆုံး ဖြေရှင်းရမည့် ပြသနာမှာ သူတို့လေယာဉ်သည် ခရီးရှည်ကြီး၏ လမ်းတစ်ဝက်သာ ပျံသန်းရသေးသဖြင့် ဆီတိုင်ကီထဲတွင် ပုံမှန်ကွင်းဆင်းချိန်တွင် ရှိရမည့် ပမာဏထက် လောင်စာဆီ အဆမတန် ပိုများနေခြင်းဖြစ်သည်။ “ခွင့်ပြုထားတဲ့ အမြင့်ဆုံး ကွင်းဆင်းအလေးချိန်ထက် တန်၆၀လောက် ပိုနေတယ်။ ငါရွေးချယ်ရတော့မယ်။ ငါဆီတွေကို ဖောက်ချလို့ရတယ်။ ဒါပေမယ့် အောက်ကတိုင်းပြည်တွေက မကြိုက်ဘူး။ သူတို့နိုင်ငံထဲမှာ ညစ်ပတ်မှာစိုးတော့ ငါ့ကို ဗော်တစ်ပင်လယ်ဘက် သွားပြီး ဖောက်ချခိုင်းမှာ။ အဲဒါဆို နောက်ထပ် မိနစ်လေးဆယ်လောက် ထပ်ကြာမယ်။ ခုန အမျိုးသမီး အသက်မမီလောက်ဘူး။ ဘယ်လိုပဲဖြစ်ဖြစ် (ဆီအပိုတွေနဲ့) ကွင်းဆင်းဖို့ ဆုံးဖြတ်လိုက်တယ်။ ငါ့ရွေးချယ်မှုပဲ” ဟု ရာဝတ်က ပြောပြသည်။

ထိုအဖြစ်ကို လေကြောင်းလောကတွင် “ဝန်ပိုဖြင့် ဆင်းခြင်း (Landing Heavy)” ဟုခေါ်သည်။ ထိုအချိန်တွင် အလိုအလျောက်ကွင်းဆင်းစနစ်ကို အသုံးမပြုနိုင်ပါ။ ထိုစနစ်သည် ယခုကဲ့သို့ အလေးချိန်ပိုနေသော လေယာဉ်ကို ထိမ်းချုပ်နိုင်အောင် ပြင်ဆင်ထားခြင်း မရှိပါ။

“ကွင်းဆင်းခါနီးတော့ ငါဝင်မောင်းတယ်” ဟု သူကဆက်ပြောသည်။ “လေယာဉ်ကို ပြေးလမ်းပေါ် အငြင်သာဆုံး ဆင်းသက်နိုင်အောင် ပြင်ဆင်ရတယ်။ မဟုတ်ရင် ထိခိုက်မှု ရှိမယ်။ ရေရေလည်လည် အလုပ်ရှုပ်တာပဲ။ နောက်ပြီး ဝန်ပိုနဲ့ ဆင်းတဲ့နေရာမှာ အရည်အချင်းကလည်း အရေးကြီးတယ်။ မင်း ပြေးလမ်းနဲ့ လွဲသွားပြီဆိုရင် နောက်တစ်ကြိမ်ပြန်ပတ်ဖို့ရာ လေယာဉ်ကို ဆွဲတင်ပေးဖို့ စက်အား မနိုင်လောက်ဘူး”

“လုပ်ရမှာတွေက အများကြီပဲ။ ငါ့မှာ ဇယ်ဆက်သလိုကို လုပ်ရတာ။ မှန်ဖို့လည်း လိုတယ်။ ခရီးရှည်ဆိုတော့ ငါ့မှာ နောက်ထပ် လေယာဉ်မှူး နှစ်ယောက်ထပ်ပါသေးတယ်။ ငါသူတို့ကိုပါ အိပ်ယာက နှိုးပြီး ငါတို့လုပ်နေသမျှကို ပူးပေါင်း ကူညီခိုင်းတယ်။ စုစုပေါင်း လူလေးယောက် ပေါင်းပြီး အတူတကွ ပူးပေါင်းလုပ်ကိုင်ကြတယ်။ ငါ ဟယ်ဆင်းကီးကို တစ်ခါမှ မဆင်းဖူးဘူး။ အဲဒီ လေဆိပ် ဘယ်လိုရှိလဲ ငါမသိဘူး။ ပြေးလမ်း ဘယ်လောက်ရှည်လဲလည်း ငါမသိဘူး။ ငါ့အနေနဲ့ ချဉ်းကပ်လမ်းကို ရှာရတယ်။ ပြီးတော့ ဆင်းလို့ရမရ ကြည့်ရတယ်။ ငါတို့လေကြောင်းကုမ္ဗဏီကိုလည်း ငါတို့ဘာလုပ်နေတယ်ဆိုတကို သတင်းပို့ရသေးတယ်။ တစ်ချိန်တည်းမှာ ငါတို့ သုံးနေရာကို စကားပြောနေရတယ်။ ဒူဘိုင်းကို ဆက်သွယ်ရတယ်။ ငါတို့နဲ့ ချိတ်ထားတဲ့ အာရီဇိုးနားက ကျန်းမာရေးဝန်ဆောင်မှု ကုမ္ဗဏီ Medlink ကို ဆက်သွယ်ပြီး ဆရာဝန်ခေါ်ထားပေးဖို့ ပြောရတယ်။ ပြီးတော့ နောက်ခန်းထဲမှာ အိန္ဒိယ အမျိုးသမီးကို ပြုစုပေးနေတဲ့ ဆရာဝန်နှစ်ယောက်နဲ့လည်း ဆက်သွယ်ပြီး အခြေအနေမေးရတယ်။ ဒါတွေအားလုံးကို မိနစ်လေးဆယ်လုံးလုံး မရပ်မနား လုပ်ခဲ့ရတာ။”

“ကံကောင်းတာက ဟယ်ဆင်ကီးမှာ မိုးလေဝသ ကောင်းနေတာပဲ။ မိုးလေဝသ မကောင်းတဲ့ အချိန်မှာ ကွင်းဆင်းတာရယ်၊ ဝန်ပိုနဲ့ ဆင်းရတာရယ်၊ မကျွမ်းကျင်တဲ့ လေဆိပ်ရယ် အားလုံးပေါင်းလိုက်ရင် မကောင်းနိုင်တော့ဘူး။ ဒါပေမယ့် ဖင်လန်ဆိုတော့ ပထမ ကမ္ဘာနိုင်ငံလေ၊ သူတို့က အားလုံး ပြင်ဆင်ထားတယ်။ အဆင်ပြေအောင်လုပ်ပေးတယ်။ 'ငါ့မှာ ဝန်ပိုပါတယ်။ ငါလေဆန်က ဆင်းချင်တယ်' လို့ ငါသူတို့ကို ပြောလိုက်တယ်။ အရှိန်လျှော့ချဖို့လိုတယ်။ သူတို့က ကိစ္စမရှိဘူးလို့ ပြောတယ်။ ငါတို့ကို ပုံမှန်သုံးနေကျ ကွင်းဆင်းလမ်းကြောင်းနဲ့ ဆန့်ကျင်ဘက်က ဆင်းခိုင်းတယ်။ ပုံမှန်ဆို သူတို့ သုံးခွင့်မပြုဘူး။ မြို့ပေါ်က ဖြတ်ရတော့ အသံတွေ ဆူမှာစိုးလို့။” ဟု ရာဝတ်က ပြောပြသည်။

ရာဝတ် အဖို့ ဘာတွေလိုအပ်မည် ထင်ပါသလဲ။ သူ့အနေနဲ့ လေယာဉ်မှူးကောင်းတစ်ယောက်  ဖြစ်ဖို့လိုမည်။ ဝန်ပိုနှင့် ဆင်းသက်နိုင်သော ကျွမ်းကျင်မှု ရှိဖို့လိုမည်မှာ ပြောစရာပင်မလို။ သို့သော် ထိုအရေးပေါ် ဆင်းသက်ခြင်းကို အောင်မြင်စွာ ပြုလုပ်နိုင်ဖို့ ရာဝတ် လုပ်ခဲ့ရသည် အရာအားလုံးမှာ လေယာဉ်မှူးတစ်ယောက်၏ နည်းပညာကျွမ်းကျင်မှုနယ်ပယ်၏ ပြင်ပတွင် ရှိလေသည်။

သူ့အနေဖြင့် လေယာဉ်ထိခိုက်ပျက်စီးမည့် အန္တရယ်နှင့် ခရီးသည် အမျိုးသမီး၏ အသက်အန္တရယ်ကြား ချိန်ခွင်လျှာ ညှိခဲ့ရသည်။ ထိုနောက် ခရီးသည် လူနာအတွက် ဟယ်ဆင်ကီးနှင့် မော်စကို ဘယ်မြို့က ပိုအဆင်ပြေနိုင်မလဲဆိုတာ စဉ်းစားခဲ့ရသည်။ တစ်ခါမျှ မဆင်းဘူးသော လေဆိပ်ကို အချက်အလက်များ အပေါ်တွင်သာ အခြေခံ၍ ထိုလေဆိပ်သည် ပုံမှန်ထက် ဝန်ပိုတန်ခြောက်ဆယ်နှင့် ဆင်းလာမည့် လေယာဉ်ကြီး တစ်စီးအတွက် အဆင်ပြေနိုင်ပါ့မည်လားဆိုတာ တွက်ချက်ရသည်။ သို့သော် အရေးကြီးဆုံးသည်ကား သူစကားပြောရသည်။ ခရီးသည်များ၊ ဆရာဝန်များ၊ သူ့လက်ထောက် လေယာဉ်မှူး၊ သူနှိုးလိုက်သော အခြားအဆိုင်းက လေယာဉ်မှူးများ၊ ဒူဘိုင်းရုံးက သူ့အရာရှိများ၊ နှင့် ဟယ်ဆင်ကီးမှ လေကြာင်းကြီးကြပ်ရေး တို့ကို သူစကားပြောခဲ့ရသည်။ ခရီးသည် အမျိုးမသီး လေဖြတ်ချိန်မှ ဟယ်ဆင်ကီးလေဆိပ်သို့ ဆင်းသက်ပြီးချိန်ထိ မိနစ်လေးဆယ်တွင် လေယာဉ်ခေါင်းခန်းအတွင်း စက္ကန့်ပိုင်းမျှ တိတ်ဆိတ်သွားချိန်သည် လက်ချိုးရေလို့ ရလိမ့်မည်။ ရာဝတ်အတွက် လိုအပ်သည်မှာ ဆက်သွယ်ပြောဆိုခြင်း ဖြစ်ပြီး ဆက်သွယ်ပြောဆိုခြင်း ဆိုသည်မှာ အမိန့်ပေးနေခြင်း သက်သက်မဟုတ်ပဲ စိတ်ဓါတ်အားပေးခြင်း၊ ချော့မော့နားချခြင်း၊ တစ်ဖက်သား စိတ်အေးငြိမ်းတည်ငြိမ်အောင် ဖျောင့်ဖြခြင်း၊ ညှိနှိုင်းဆွေးနွေးခြင်း နှင့် တတ်နိုင်သမျှ အရှင်းဆုံးနှင့် အပွင့်လင်းဆုံး ပုံစံဖြင့် သတင်းပို့ခြင်းတို့ အားလုံး ပါဝင်ပေသည်။


ပို၍မြင်သာစေရန် Avianca ခရီးစဉ် ၅၂၏ မအောင်မြင်သော ပထမ ဆင်းသက်မှုအတွက် ချဉ်းကပ်လာစဉ်က စကားပြော မှတ်တမ်းများကို လေ့လာကြည့်ပါ။ ပြသနာက မိုးလေဝသ မကောင်းခြင်းဖြစ်သည်။ မြူခိုးမှောင်း ပိတ်မှောင်နေသဖြင့် ကလော့ဇ်နှင့် ကေးဗိဒ်စ်တို့သည် သူတို့ကိုယ် သူတို့ ဘယ်နေရာရောက်နေမှန်း မခန့်မှန်းနိုင်ကြ။ သူတို့ ဘာပြောခဲ့ကြသည် ဆိုသည်ထက် သူတို့ ဘယ်လိုစကားပြောခဲ့ကြသည်ကို သတိထား ကြည့်ပါ။ အထူးသဖြင့် စကားသံ တစ်ခုနှင့်တစ်ခုအကြား တိတ်ဆိတ်နေချိန်ကိုပါ သတိပြုပါ။

ကေးဗိဒ်စ် - ပြေးလမ်းဘယ်မှာလဲ။ ငါမတွေ့ရဘူး။ မတွေ့ဘူး။

ဘီးပြန်တင်လိုက်ကြသည်။ ကပ္ဗတိန်က ကလောဇ်ကို နောက်တစ်ကြိမ်ပြန်ဆင်းဖို့ လမ်းကြောင်းအခြေအနေကို မေးခိုင်းသည်။ ထို့နောက် ဆယ်စက္ကန့် ကြာသွားသည်။

ကေးဗိဒ်စ် - (သူ့ဟာသူ ငြီးတွားသလို ပြောသည်) ငါတို့မှာ ဆီမရှိတော့ဘူး။

ထို့နောက် လေယာဉ်မှူးအချင်းချင်း ဘာလုပ်ရမည်ကို အပြန်အလှန် ညွှန်ကြားခြင်းဖြင့် ခုနစ်စက္ကန့် ထပ်ကြာသွားပြန်သည်။

ကေးဗိဒ်စ် - ဒီပြေးလမ်းက ဘယ်ပျောက်နေတာလဲ။ ငါမတွေ့ရဘူး။

ကလော့ဇ် - ငါလည်း မတွေ့ဘူး။

လေကြောင်းကြီးကြပ်ရေးမှ သူတို့ကို ဘယ်ဘက်သို့ ကွေ့ရန် ပြောသည်။

ကေးဗိဒ်စ် - ငါတို့မှာ အရေးပေါ် အခြေအနေ ဖြစ်တယ်လို့ ပြောလိုက်ကွာ။

ကလော့ဇ် - (ATC သို့) အဲဒါက ညာဘက် ၁၈၀ဒီကရီ ပေါ့နော်။ အာ.. ငါတို့ နောက်တစ်ကြိမ် ထပ်ကြိုးစားကြည့်မယ် ငါတို့မှာ ဆီတော့ နည်းနေပြီ။

လေယာဉ်ခေါင်းခန်းထဲတွင် ဖြစ်ပျက်နေပုံကို ခန့်မှန်းကြည့်ပါ။ လေယာဉ်သည် ကြောက်စရာကောင်းလောက်အောင် ဆီနည်းနေပြီ။ ပထမအကြိမ် ကွင်းဆင်းခြင်းကို ပြန်ရုပ်လိုက်ရပြီ။ သူတို့လေယာဉ် နောက်ထပ် ဘယ်လောက်ကြာကြာ ထပ်ပျံနိုင်အုံးမလဲဆိုတာ သူတို့ သေချာမသိ။ ကပ္ဗတိန်က “ငါတို့မှာ အရေးပေါ် အခြေအနေ ဖြစ်တယ်လို့ ပြောလိုက်ကွာ” ဟု အသည်းအသန်ပြောသော်လည်း ကလော့ဇ် ပြောလိုက်ပုံက “အဲဒါက ညာဘက် ၁၈၀ဒီကရီ မှာဘဲ။ အာ..ငါတို့ နောက်တစ်ကြိမ် ထပ်ကြိုးစားကြည့်မယ်။ ငါတို့မှာ ဆီတော့ နည်းနေပြီ။“

ပထမ အချက်မှာ “ဆီနည်းနေပြီ” ဟုသော စကားစုသည် လေကြောင်းကြီးကြပ်ရေး သမားများ၏ ဘာသာစကားအရမူ မည်သို့မျှ အဓိပ္ဗါယ် သက်ရောက်ခြင်း မရှိ။ အရေးမပါ။ လေယာဉ်အားလုံးတို့သည် မိမိတို့ ဦးတည်ပျံသန်းရာ လေဆိပ်သို့ ရောက်၍ ဆင်းသက်ခါနီးပြီဆိုလျှင် ဆီနည်းနေသည်မှာ သဘာဝပင် ဖြစ်သည်။ ကလော့ဇ် ပြောခဲ့သော စကားတွင် သူတို့လေယာဉ်သည် အခြေားသော
လေယာဉ်ကွင်းတစ်ခုသို့ ပြောင်းလဲဆင်းသက်ရန် ဆီမကျန်တော့ဟု ဆိုလိုခဲ့ပါသလား။ သူတို့လေယာဉ်သည် စိုးရိမ်စရာကောင်းလောက်အောင် နည်းနေပြီဟု အဓိပ္ဗါယ် ပေါ်စေခဲ့ပါသလား။ ဒုတိယ အချက်မှာ အရေးကြီးသော စကားတို့တွင် ဝါကျတည်ဆောက်ပုံဖြစ်သည်။ ကလော့ဇ်က သူ့စကားကို ATC က ပေးလိုက်သော ကွင်းဆင်းလမ်းကြောင်းကို ပြန်လည်အတည်ပြုခြင်းဖြင့် အစပြုပြီး ဆီနည်းနေခြင်းအပေါ် ပူပန်မှုကို စကားဆုံးခါနီးကျမှ ပြောလေသည်။ ပမာဆိုရသော် စားသောက်ဆိုင် တစ်ခုတွင် “အေး။ ငါ ကော်ဖီ သောက်မယ်။ ငါ့လည်ပင်း ကြက်ရိုးစူးနေတယ်” ဟု ပြောသကဲ့သို့ပင်။ စာပွဲထိုးသည် အဘယ်မျှ အလေးအနက်ထားပါမည်နည်း။ ကလော့ဇ် စကားပြောခဲ့သော လေကြောင်းကြိးကြပ်ရေးမှူးက “ထိုစကားကို အရေးမကြီးသော မှတ်ချက်” အဖြစ် သဘောထားခဲ့ကြောင်း နောက်ပိုင်း စုံးစမ်းစစ်ဆေးရာတွင် ထွက်ဆိုခဲ့သည်။ မုန်တိုင်းရှိနေသော ညမျိုးတွင် လေယာဉ်မှူးများက ဆီနည်းနေကြောင်း အမြဲပြောတတ်ကြသဖြင့် ရိုးနေပေပြီ။

ပိုဆိုးသည်က သူ့စကား၏ ဝါကျ နှစ်ခုကြားတွင် ကလော့ဇ်ပြုလိုက်သည့် “အာ” ဟူသောအာလုပ်သံသည် သူ့အဓိက ဆိုလိုချင်သည့် စကားကို ပေါ့လျော့စေလိုက်သည်။ ထိုညက လေကြောင်းခရီးစဉ်အမှတ် ၅၂ကို ကိုင်တွယ်ခဲ့သော အခြား လေကြောင်းကြီးကြပ်ရေးမှူး တစ်ဦးကမူ ကလော့ဇ်သည် အလွန်အေးဆေးနည်ငြိမ်စွာ စကားပြောခဲ့ပြီး သူ့အသံတွင် ရေးကြီးသုတ်ပြာနိုင်မှုမရှိဟု မှတ်ချက်ပြုခဲ့သည်။